မန္တလေး၊ ဇူလိုင်၂၃၊ ၂၀၂၆။
မန္တလေးမြို့မှာ တပတ်အတွင်း လူငယ် ၈ ဦး ပေါ်တာဆွဲခံရပြီး၊ တခြားမြို့တွေကနေ မန္တလေးမြို့ကို လာသူတွေကိုလည်း ကားဂိတ်၊ ရထားဂိတ်တွေကနေ စောင့်ပြီးပေါ်တာဆွဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့မှာ မန္တလေးမြို့၊ ကြံခင်းရပ်ကွက်မှာ အသက် ၂၀ ဝန်းကျင်လူငယ်တဦးကို စစ်တပ်ခန့် ရာအိမ်မှူးတွေက နေအိမ်ထဲအထိ ဝင်ရောက်ပေါ်တာဆွဲခဲ့တာလို့ သိရပါတယ်။
အဲဒီညမှာပဲ ၇၂ လမ်း၊ ၃၄×၃၅ လမ်းကြားက ၁၈ နှစ်အရွယ် လူငယ်တဦးကို စစ်ကောင်စီတပ်က အိမ်စီးကားနဲ့ ပေါ်တာဆွဲခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့မှာ အောင်မြေသာစံမြို့နယ်က ဝဏ္ဏမျိုးဆိုတဲ့ လူငယ်တဦး နံနက် ၆ နာရီမှာ ဝက်သားသွားပို့စဉ် ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဇူလိုင်လ၂၀ ရက်နေ့မှာ အောင်မြေသာစံမြို့နယ်၊ ၈၉ လမ်း၊ ၁၄ လမ်းက အသက် ၂၂ နှစ်အရွယ် အောင်ခိုင်ဆိုတဲ့ လူငယ်တဦး၊ မဟာအောင်မြေမြို့နယ်၊ မန်းမြို့ဈေး အနောက်ပေါက်က အသက်၂၀ အရွယ်လူငယ်တဦးနဲ့ ည ၁၁ နာရီမှာ မဟာအောင်မြေမြို့နယ်က ပုံနှိပ်တိုက်အတွင်း ဝင်ရောက်ကာ အသက်၂၀ ဝန်းကျင်လူငယ်တဦးတို့ကို တရက်ထဲမှာတင် လူငယ် ၃ ဦးကို ပေါ်တာဆွဲခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၂၁ ရက် နေ့မှာ ၈၈×၈၉ လမ်း၊ ၂၁ လမ်းမှာလည်း ရန်ကုန်မြို့ကနေ သပိတ်ကျင်းမြို့နယ်ကို ပြန်ရန်လာတဲ့ လူငယ်၂ ဦးကို စစ်တပ်က ပေါ်တာဆွဲသွားတယ်လို့ သိရပါတယ်။
မန္တလေးမြို့က အဝေးပြေးကားဂိတ်နဲ့ ဘူတာကြီး ရထားဂိတ်တွေမှာပါ အိုးဝေ မောင်းသူတချို့က မြို့ခံပျူစောထီးတွေနဲ့ပေါင်းကာ ခရီးသည်တွေကို ပေါ်တာဆွဲရောင်းစားတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
“ဂိတ်တွေမှာက အဆိုးဆုံးက အိုးဝေသုံးဘီးသမားတွေပဲ။ တချို့ပျူတွေက အိုးဝေဆွဲရင်း အဲ့လိုဆွဲတာတွေ ရှိတယ်။ ညနေဘက်ဆို မြို့ထဲအိမ်စီးကားနဲ့ လူလေးယောက်လောက် ပတ်ပြီး ဆွဲတင်သွားတာတွေလည်း ရှိတယ်။ လူတွေမြင်လည်း ဘာမှမပြောရဲဘူးလေ”လို့ မြို့ခံတဦးက ပြောပါတယ်။
ယခုရက်ပိုင်းအတွင်း မန္တလေးမြို့မှာ ပေါ်တာဆွဲမှုတွေက ယခင်ကထက်ပိုများလာပြီး၊ ယခုအချက်အလက်ဟာ မြေပြင်ကင်းထောက်အဖွဲ့ တွေဆီရတဲ့ အချက်အလက်သာဖြစ်ပြီး ဒီထက်ပိုများနိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးမြို့မှာ ပြီးခဲ့တဲ့ဇွန်လက အုပ်ချုပ်ရေးမှူးအသစ်တွေရွေးပြီးတဲ့နောက် စစ်မှုထမ်းခေါ်ဆိုမှု ပိုများလာပြီး အိမ်ထောင်စုစာရင်းထဲနာမည်ရှိပြီး လူမလာပါက မိဘ၊ ဆွေမျိုးတွေကို ဖမ်းဆီးမယ်လို့ အုပ်ချုပ်ရေးမှူးတွေ ခြိမ်းခြောက်တာတွေလည်းရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
သတင်း – နိုင်းဝမ်း
