မြင်းခြံ၊ အောက်တိုဘာ ၂၉၊ ၂၀၂၆။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့မြောက်ဘက်မှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးတယ်လို့ တလုပ် PDF တပ်ဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။
အောက်တိုဘာလ ၂၈ ရက်နေ့ မနက် ၁၁ နာရီခန့်က မြင်းခြံဘက်ကနေ အင်အား ၈၀ ခန့်စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တလုပ်မြို့တွင်းကနေ အဆိုပါစစ်ကြောင်းကို သွားကြိုတဲ့ အင်အား ၄၀ ခန့်ပါတဲ့အဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
“အဖွဲ့နှစ်ခုပေါင်းတဲ့အချိန်မှာ မိုင်းကြီးတွေ အရင်ဆွဲခဲ့တယ်။ ပြီးမှ ပစ်ခတ်တာ အပြန်အလှန်ပစ်ခတ်မှု တနာရီ နီးပါးဖြစ်ခဲ့တယ်။ သူတို့ အထိနာသွားတော့ လေကြောင်းကနေ လာကြဲတာတွေရှိတယ်”လို့ တလုပ် PDF တပ်ဖွဲ့ တာဝန်ရှိကပြောပါတယ်။
အဆိုပါ မိုင်းဆွဲ ပစ်ခတ်မှုအတွင်း စစ်တပ်ဘက်မှ အရာရှိတွေအပါအဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးရှိခဲ့ပြီး PDF ပူးပေါင်းတပ်ဘက်က ၃ ဦးအစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန် စစ်တပ်ဘက်က ဂျက်ဖိုက်တာတစီး၊ Mi-35 တစီး၊ ဒရုန်း ၅ စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်လာလို့ စစ်တပ်ဘက်က သေဆုံးသူတွေရဲ့ လက်နက်တွေ မကောက်ယူနိုင်ပဲ ပူးပေါင်းတပ်တွေဘက်က ပြန်လည် ဆုတ်ခွါလာခဲ့ရတာလို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်စစ်ကြောင်းဟာ တလုပ်မြို့အတွင်းကို ဝင်သွားပြီးနောက် ၂၉ ရက်နေ့ နေ့လည်ပိုင်းအထိ ပြန်ဆုတ်သွားတာ မရှိသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့က မတ္တရာမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာ စစ်တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် သိမ်းယူခံရပြီး စစ်ကောင်စီတပ်သား ၆ ဦးသေတယ်လို့ သိရပါတယ်။