မင်းလှမှာ စစ်တပ်က စျေးပွဲတော်တွေကျင်းပနေပြီး လာရောက်တဲ့လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေဟုဆို

0 10
0 10

မင်းလှ၊ ဇွန် ၂၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ အသွင်ပြောင်းအစိုးရနဲ့စစ်တပ်က ဈေးအရောင်းပွဲတော်‌တွေကျင်းပနေပြီး ပွဲကအပြန်လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကွင်းမြို့မှာ မေလ ၂၇ ရက်ကစတင်ကာ ဒီကနေ့အထိ စျေးအရောင်းဆိုင်ခန်းတွေအများအပြားနဲ့ အပျော်စီးစရာနေရာတွေပါဝင်တဲ့ စျေးပွဲတော်ကျင်းပနေပြီး၊ ပြီးခဲ့တဲ့ ဧပြီလအတွင်းက မင်းလှမြို့၊ အထက်တန်းကျောင်းဘောလုံးကွင်းအတွင်းပြုလုပ်ခဲ့တဲ့ စျေးပွဲတော်မှာ လူငယ် ၂၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

” ပွဲမပါဘူး။ ဈေးဆိုင်တွေနဲ့ ကလေးဆော့လို့ရတဲ့နေရာတွေလေ။ ည‌ဘက်ပြန်တဲ့အချိန် ပေါ်တာဆွဲတာတွေရှိတယ်။ သတင်းတွေလည်း မတက်တော့ လုပ်ချင်တိုင်းလုပ်ရနေတဲ့သဘော။ ပွဲကအပြန် အဖမ်းခံရတာရှိတယ်။ ပေါ်တာပေါ့။ တိုင်လည်းမရ ပိုက်ဆံရှိတဲ့လူကတော့ သိသိချင်းပြန်ရွေးထုတ်ရတယ်။ ကြာသွားရင်‌‌ ငွေရှိလည်းရွေးမရ။ ရွာဘက်တွေက အဖမ်းခံရတာများတယ်၊ စစ်ကွင်းပွဲကတော့ ခုထိဘာအသံမှမကြားဘူး”လို့ စစ်ကွင်းဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။

စစ်ကွင်းဈေးပွဲတော်ကာလအတွင်း လူငယ်တွေပေါ်တာဆွဲဖမ်းဆီးခံရမှုအခြေအနေတွေကို မသိရသေးပေမယ့် မင်းလှဈေးပွဲတော်ရက်တွေမှာ လူဆယ်နဲ့ချီ ဖမ်းဆီးခံရတာကြောင့် သတိထားသွားလာနေ ထိုင်ကြဖို့ မင်းလှဒေသခံတဦးက အခုလိုပြောပါတယ်။

“တချို့လည်းပါသွားတယ်။ ပိုက်ဆံရှိမှပဲ။ မရှိရင်တော့ ပါတယ်။ ချက်ချင်း‌ ရွေးရတာ။ ညဘက်ပွဲကအပြန်လမ်းဆုံ(သရက်တပင်ရွာတာဆုံ)မှာရယ်၊ ထောက်ကြံ့ကွင်းနားရယ်၊ ကြို့ကုန်းထိပ်ရယ် နောက်ပိတ်ဆုံးပြန်တဲ့ကလေးတွေ အဆွဲခံရတာ” လို့ ဆိုပါတယ်။

အသွင်ပြောင်းအစိုးရနဲ့ စစ်တပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းတွေကို လစဥ်ဖွင့်လှစ်နေပြီး အဲ့ဒီသင်တန်းတွေမှာ သင်တန်းသားလူဦးရေပြည့်မီဖို့အတွက် စစ်တပ်ထိန်းချုပ်မြို့နယ်တွေက လူငယ်တွေကို ပစ်မှတ်ထား ပေါ်တာဆွဲဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။