ပွင့်ဖြူ၊ နိုဝင်ဘာ ၁၄၊ ၂၀၂၅။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူနဲ့စကုမြို့နယ်တွေမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး လူငယ် ၂၀ ကျော်ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စကုမြို့နယ် လယ်ကိုင်းကျေးရွာလမ်းဆုံနဲ့ လယ်ကိုင်း-ကျောင်းတော်ရာအကြားလမ်းပိုင်းမှာ စစ်ကော်မရှင်ပူးပေါင်းတပ်တွေက ခရီးသွားကားတွေနဲ့ အနီးဝန်းကျင်ကျေးရွာတွေက လူငယ်တွေကို နိုဝင်ဘာလဒုတိယပတ်အတွင်း နေ့စဥ်ပေါ်တာဆွဲဖမ်းဆီးနေတာလို့ ဆိုပါတယ်။
” မနေ့ကလယ်ကိုင်းကနေ ကျောင်းတော်ရာသွားတဲ့နေရာမှာ (ခရီးသွားကားကို) ဆွဲတယ်။ ပါသွားတာက လူငယ် ၂ ဦးပါသွားတယ်။ ကားအမည်တော့ မသိလိုက်ဘူး ရိုးရိုးအရပ်ကားပါ။ အသက်အရွယ် ၁၈ နှစ်နဲ့ ၂၁ နှစ် အရွယ်တွေပါ၊ မနေ့ကမနက် ၁၀ နာရီလောက်မှာဆွဲတာ၊ နေ့တိုင်းလိုလိုဆွဲနေတာ” လို့ ပွင့်ဖြူမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
အလားတူ ပွင့်ဖြူနဲ့ စလင်းမြို့အကြားက ရှောက်တောရွာအနီး မင်းဘူး – ပွင့်ဖြူ – စလင်းလမ်းပိုင်းမှာရှိတဲ့ မုန်းချောင်းတံတားထိပ်က စစ်ကော်မရှင်တပ်၊ ရဲနဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့တွေကလည်း ခရီးသွားကားတွေမှာပါလာတဲ့ လူငယ်တွေနဲ့ ဒေသခံလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့် စကုမြို့နယ်ကျောင်းတော်ရာနဲ့ဝဲဒေါင့်ကျေးရွာတွေက အသက် ၁၈ ကနေ ၂၂ နှစ်ကြား လူငယ်အမျိုးသား ၁၅ ဦး၊ ပွင့်ဖြူမြို့နယ်မှာ အသက် ၂၅ ကနေ ၃၀ နှစ်အကြားရှိ လူငယ်မျိုးသားတွေဖြစ်တဲ့ အင်းနက်ရွာခံ ၁ ဦး၊ မုန်းဇလဲရွာခံ ၁ ဦး၊ တောင်အင်းရွာခံ ၁ ဦး၊ ရွာသစ်ရွာ ခံ ၁ ဦး၊ ခင်တဲရွာခံ ၁ ဦး၊ သူဌေးကုန်းရွာခံ ၃ ဦး စုစုပေါင်း ၈ ဦးအထိ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ခရီးသွားကားတွေပေါ်ကလူငယ်တွေလည်း ဖမ်းဆီးခံထားရကာ အဲ့ဒီဖမ်းဆီးခံရမှုတွေကတော့ ခရီးသွားတွေဖြစ်တာကြောင့် ဖမ်းဆီးခံရသူတွေရဲ့ အခြေအနေတွေကို မသိရဘူးလို့ ဆိုပါတယ်။
နောက်ထပ် စကုမြို့ခံတဦးကတော့ ” စကုမြို့ နဲ့ ပွင့်ဖြူဘက်တွေမှာ အခု ၃ ရက်အတွင်း အဓမ္မစစ်မှုထမ်း တော်တော်ဆွဲခံရပါတယ်။ Honda Fit အနက်ရောင် YGN 1K/1815 နဲ့ ပတ်ဆွဲနေတာပါ” လို့ ပြောပါတယ်။
လက်ရှိမှာ ပေါ်တာဆွဲဖမ်းဆီးသွားသူတွေကို မင်းဘူးမြို့အခြေစိုက်စစ်ကော်မရှင်တပ်ရင်းတွေဆီ ပို့ဆောင်ထားပြီး အဲ့ဒီကတဆင့် မကွေးမြို့ အမှတ် ၃ စစ်သားစုဆောင်းရေးတပ်ကို ပို့ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။
နိုဝင်ဘာလပထမပတ်အတွင်း မကွေးတိုင်းအပါမြို့ကြီးအများအပြားမှာ စစ်ကော်မရှင်ဦးဆောင်ပြီး တန်ဆောင်တိုင်ပွဲတွေပြုလုပ်ခဲ့ရာ အဲ့ဒီကာလတွေမှာ ပေါ် တာဆွဲဖမ်းဆီးတာတွေ ယာယီရပ်နားခဲ့ပြီးတဲ့နောက် ဒုတိယအပတ်ကစတင်ကာ မကွေးတိုင်းက မြို့နယ်တွေမှာ အခုလို ဖမ်းဆီးမှုတွေပြန်လည်မြင့်တက်လာတာလည်း ဖြစ်ပါတယ်။
စာတည်း – ဟိန်းစံ