■ ကယ်ဆယ်ရေးစခန်းတွေ မဖွင့်သေး
ပဲခူး၊ ဇူလိုင် ၃၁၊ ၂၀၂၆။
ပဲခူးမြစ်ရေက စိုးရိမ်ရေမှတ်ထက် တလက်မကျော်လာတာကြောင့် ပဲခူးမြို့အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေဝင်လာကာ လူဦးရေ ၅၀၀၀ ခန့်ရွှေ့ပြောင်းနေရပြီး၊ ကယ်ဆယ်ရေးစခန်းတွေ မဖွင့်သေးဘူးလို့ ကူညီဆောင်ရွက်ပေးနေသူတွေထံက သိရပါတယ်။
ဇူလိုင်လ ၃၀ ရက်နေ့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေတက်လာတာကြောင့် မြစ်ကမ်းဘေးရှိ ဇိုင်းတောင်ရပ်ကွက်၊ ကျောက်ကြီးစု၊ ကလျာဏီနဲ့ ပဲခူးမြို့သစ်တွေအပါအဝင် ရပ်ကွက် ၆ ခုလောက်က အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေအမြင့်ပေ ၄ ပေ လောက်ထိတက်လာလို့ နေအိမ်တွေမှာ နေထိုင်လို့မရတဲ့သူတွေ ရွေ့ပြောင်းရတာလို့ ဆိုပါတယ်။

“အနိမ့်နေရာတွေဆို ခါးလောက်ရှိနေပြီး အနည်းဆုံး ၃ ပေ၊ ၄ ပေလောက်ရှိနေပြီ။ ရေကတော့ ဝင်တာပဲ။ စိုးရိမ်ရေမှတ်ဆို ရပ်ကွက်အနိမ့်ပိုင်းတွေ ရောက်ပြီ၊ အိမ်ထောင်စု ၂၀၀၀ လောက်အနည်းဆုံးရွှေ့ရပြီ”လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတဦးက ပြောပါတယ်။
မြစ်ရေဝင်တာကြောင့် အနိမ်ပိုင်းရပ်ကွက်နေ ပြည်သူ ၅၀၀၀ ကျော်လောက်ဟာ မိမိအစီအစဥ်နဲ့ နီးစပ်ရာ ကုန်မြင့်ပိုင်းရှိ ဆွေမျိုးတွေရဲ့ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွေ့ နေထိုင်နေကြတာ ဖြစ်ပါတယ်။

လူဦးရေထောင်ချီပြောင်းရွေ့နေထိုင်ရပေမယ့် စစ်ကောင်စီခန့် ပဲခူးတိုင်းအစိုးရဘက်ကတော့ ရေဘေးကယ်ဆယ်ရေးစခန်း တရားဝင်ဖွင့်လှစ်တာ မရှိသေးသလို ရေဘေးရှောင်တွေအတွက် ကူညီထောက်ပံမှုတွေလည်း လတ်တလောမှာ လာရောက်ပေးကမ်းတာမျိုး မရှိသေးပါဘူး။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လနဲ့ဩဂုတ်လတွေအတွင်းမှာ ပဲခူး၊ တောင်ငူ၊ အုတ်တွင်းနဲ့ ထန်းတပင်မြို့နယ်တွေမှာ မြစ်ရေကြီးလို့ လူဦးရေ သိန်းချီရေဘေးရှောင်ခဲ့ရပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။




















