မိတ္ထီလာ၊ နိုဝင်ဘာ ၂၊ ၂၀၂၆။
မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ပေါက်ချောင်းရပ်ကွက်ရှိ မိတ္ထီလာပညာရေးဒီကရီကောလိပ်မှာ အသစ်ဆောက်ထားတဲ့ မြေအောက်ရေကန်အတွင်း ငြမ်းဆင်းဖြုတ်တဲ့ အမျိုးသား ၄ ဦးသေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၃ နာရီခန့်က ကျောင်းဝင်းအတွင်း ဆောက်လုပ်ရေးလုပ်နေတဲ့ အဖွဲ့ထဲက အလုပ်သမား ၅ ဦးဟာ ၁၈ ပေ အကျယ်၊ အနက် ၆ ပေရှိ ကန်အတွင်းကို ဆင်းပြီး ငြမ်းဖြုတ်ကြရင်း အောက်ဆီဂျင်ပြတ်ပြီး လဲကျကုန်တာလို့ ဆိုပါတယ်။
“ငြမ်းဖြုတ်ရင်း သန့်ရှင်းရေးလည်းလုပ်နေကြတာ။ တော်ရုံနဲ့ မတက်လာကြတော့ ကျန်တဲ့သူတွေက သွားကြည့်တော့ လဲနေကြတယ်။ ချက်ချင်းလည်းမဆင်းရဲကြတော့ မီးသတ်ကို လှမ်းခေါ်ပြီးမှ ကူညီခဲ့ရတာ”လို့ ဖြစ်စဥ်ကို သိတဲ့ မြို့ခဲတဦးက ပြောပါတယ်။
မီးသတ်အဖွဲ့က ကူညီကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ အသက် ၃၀ ကနေ ၄၅ နှစ်ကြား အမျိုးသား ၄ ဦးဟာ နေရာမှာတင် သေဆုံးနေပြီး အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးကတော့ အသက်ရှင်နေသေးတယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးလုပ်ဆောင်ပြီးနောက် သေဆုံးသူ ၄ ဦးနဲ့ အသက်ရှင်သူတို့ကို မိတ္ထီလာပြည်သူ့ဆေးရုံကို မြို့ခံလူမှုကူညီရေးအသင်းတွေနဲ့ ပို့ဆောင်ပေးခဲ့ရပြီး အသက်ရှင်သူ ၁ ဦးကတော့ ဆေးကုသမှု ဆက်လက်ခံယူနေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက် နေ့ကလည်း ပဲခူးမြို့၊ ဥဿာမြို့သစ် (၈)ရပ်ကွက်၊ စက်မှုဇုန် (၂)ထဲက မွေးမြူရေးအစာ ထုတ်လုပ်တဲ့ Zheng Bang Myanmar ( ကျန်းပန်း မြန်မာ) စက်ရုံရဲ့ငါးဆီကန်အတွင်းမှာ အလုပ်သမား ၃ ယောက် အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့ကြသေးတယ်လို့ သိရပါတယ်။