ကနီ၊ စက်တင်ဘာ ၂၁၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ကနီမြို့အနီးမှာ ယာလုပ်ငန်းလုပ်ရင်း တောင်ယာထဲမှာ တဲထိုးနေထိုင်နေတဲ့ အမျိုးသား ၁ ဦးကို စစ်တပ်ပတ်ကင်းက ဖမ်းဆီးပြီး ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီပတ်ကင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ပတ်ကင်းလှည့်ရင်း ယုန်မရတောရပ်ကွက် ၃ အနီးက ယာတောနားမှာ ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အလင်းဝင် မိန်းကလေး ၂ ယောက်၊ ယောက်ျားလေး ၁ ယောက် Gun ၂ လက် စခက လိုက်ရှာတာ၊ တောထွက်တဲ့ သူအသတ်ခံရတာ။” လို့ ကနီဒေသခံက ပြောပါတယ်။
အသတ်ခံရတဲ့ အမျိုးသားမှာ ကနီမြို့နဲ့ ကပ်လျက်မှာရှိတဲ့ ယုန်မရတောမှာ နေထိုင်တဲ့ အသက် ၄၀ ကျော်အရွယ် တောင်သူဦးသိန်းအောင် ဆိုသူဖြစ်ပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဒဏ်ရာနဲ့ မှောက်လျက်သေဆုံးနေတာ ဖြစ်ပါတယ်။
ကနီမြို့မှာ အထိုင်ချထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ အင်အား ၈၀၀ နီးပါးနဲ့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးတာကြောင့် အနီးအနားရှိ ကျေးရွာတွေက ပြည်သူတွေ လွတ်ရာရှောင်တိမ်းနေရသလို၊ ကနီမြို့ပတ်လည်မှာလည်း ပတ်ကင်းလှည့်ကာ၊ အနီးဝန်းကျင် ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေလည်း ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။













