ပဲခူး-ရခိုင်နယ်စပ်မှာ ပေါ်တာကြေးကောက်ပြီး လစဉ်ပေါ်တာဆွဲနေလို့ လူငယ်တွေ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရ

0 3
0 3

ပန်းတောင်း၊ အောက်တိုဘာ ၁၂၊ ၂၀၂၆။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အစပ်က ညောင်ခြေထောက်ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ပြည်သူတွေဆီက လစဉ်ပေါ်တာကြေးကောက်ခံပြီး လိုက်လံပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ကျေးရွာထဲက လူငယ်တွေ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

​ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး ရခိုင်းရိုးမတောင်က အိမ်ခြေ ၆၀၀ နီးပါးရှိတဲ့ ညောင်ခြေထောက်ရွာမှာ အုပ်ချုပ်ရေးမှူး ကျော်ကျော်ဦး၊ ရာအိမ်မှူးတွေဖြစ်ကြတဲ့ မျိုးဝင်း၊ စိန်ဝင်း၊ အောင်ဇာနည်ထွန်းနဲ့ ပေတလူး စတဲ့ ၅ ဦးပါဝင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ကျေးရွာမှာရှိတဲ့ ပြည်သူတွေဆီကနေ တအိမ်ထောင်ကို ငွေကျပ် ၅ သောင်းအထိ ကောက်ခံနေတာလို့ ဒေသခံအမျိုးသားတဦးက ပြောပါ တယ်။

“သူတို့(ရွာအုပ်ချုပ်ရေးအဖွဲ့)ဆွေမျိုး အိမ်တွေကိုကျ ငွေတပြားမှ မကောက်ဘူး။ သာမန်ရွာသားတွေဆီကကျ အတင်းအကျပ်ကောက်နေတာ။ ငွေလည်း အဓမ္မတောင်းသလို လစဉ်လည်း စကစနဲ့ပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲနေတော့ ဘယ်သူမှ မနေရဲကြတော့ဘူး”လို့ သူက ဆိုပါတယ်။

​အလားတူ အသက် ၇၀ ကျော် သက်ကြီးရွယ်အိုတွေပဲ ကျန်တော့တဲ့ အိမ်ထောင်စုတွေဆီကပင် အနည်းဆုံး ငွေကျပ် ၁ သောင်းကနေ ၂ သောင်းအထိ မဖြစ်မနေ ထည့်ခိုင်းနေတယ်လို့လည်း သူကဆက်ပြောပါတယ်။

​ဒါ့အပြင် အဲဒီအုပ်ချုပ်ရေးအဖွဲ့ဟာ စစ်တပ်အတွက် လစဉ် လိုက်ပေါ်တာဆွဲ ဖမ်းဆီးတာတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာနေတာကြောင့် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ်ရှိ လူငယ်၊ လူလတ်ပိုင်း ၉၀ ရာခိုင်နှုန်းဟာ ထိုင်းနိုင်ငံဘက်ကို တရားမဝင်လမ်းကြောင်းတွေနဲ့ စွန့်စားထွက်ပြေးကာ ကျပန်းအလုပ်တွေ သွားလုပ်နေကြရတယ်လို့ နောက်ထပ်ဒေသခံအမျိုးသားတဦးကပြောပါတယ်။

​“အုပ်ကြီးအဖွဲ့က စကစဒေါက်တိုင်လုပ်နေတာလေ။ လစဉ် လူတောင်းတာတွေ၊ ပေါ်တာကြေးဆိုပြီး ငွေညှစ်တာတွေကိုလုပ်နေတာပါ။ အခုဆိုရွာမှာ လူငယ်ဆိုတာ မရှိတော့ သလောက်ပဲ။ အကုန်လုံး လွတ်ရာကျွတ်ရာ နယ်စပ်ဘက်တွေကို ထွက်ပြေးကုန်ကြလို့ အခုတော့ သက်ကြီးပိုင်းတွေပဲ ရွာထဲမှာ ကျန်ခဲ့တော့တယ်” လို့ သူကဆိုပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ ညောင်ခြေထောက်ကျေးရွာချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ကျေးရွာအတွင်း စစ်မှုထမ်းဖို့နဲ့ ပေါ်တာဆွဲခံရမယ့် အန္တရာယ်ကနေ လွတ်မြောက်နိုင်ဖို့အတွက် ရွာခံလူငယ်တွေဟာ အခုလိုစနစ်တကျ တိမ်းရှောင်နေကြရပြီး လက်ရှိမှာတော့ ရွာမှာသက်ကြီးရွယ်အိုတွေနဲ့ လူကြီးပိုင်းတွေပဲ ကျန်တော့တာကြောင့် ကျေးရွာအတွင်း ခြောက်ကပ်နေတယ်လို့ သိရပါတယ်။

​ပန်းတောင်းမြို့နယ်မှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အဓိက ယမ်းချက်စက်ရုံဖြစ်တဲ့ အမှတ်(၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၆) ကို အာရက္ခတပ်တော်(AA) နဲ့ ပူးပေါင်းတပ်တွေ စီးနင်းလို့ မရအောင် စစ်တပ်ဘက်က အနီးဝန်းကျင်ရွာတွေကို ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေ စားဝတ်နေရေးနဲ့ ဆေးဝါးပြတ်လပ်တဲ့ဒဏ်ကို ဆိုးဆိုးရွားရွား ခံနေကြရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

သတင်း – မြတ်ထွန်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။