ပေါက်၊ ဇူလိုင် ၄၊ ၂၀၂၆။
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံ ၁ သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဇွန် ၂၉ ရက်ကတည်းက ပေါက်မြို့နယ်ထဲကိုဝင်ရောက်လာတဲ့ ပခုက္ကူတပ်မ ၁၀၁ စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ ထောက်ရှာပင်နဲ့ နှောပေါက်ရွာအနီးအပါအဝင် နေရာတချို့မှာ ဇူလိုင် ၁ ရက်ကစတင်တိုက်ပွဲဖြစ်နေပြီး လေကြောင်းကနေပါ ဗုံးကြဲနေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းကပေါက်နယ်ထဲကိုရောက်နေတာ ၅ ရက်ရှိပြီ။ တိုက်ပွဲက ထောက်ရှာပင်နဲ့ နှောပေါက်နားမှာ ဖြစ်နေတာ ၂ ရက်ရှိနေပြီ။ ဒီမနက်လည်းတိုက်ပွဲဖြစ်တဲ့နားကို လေကြောင်း လာကြဲတာ ရှိသေးတယ်။ ဒီမနက်ထိတိုက်ပွဲဖြစ်နေတုန်းပါ”လို့ ဒေသကာကွယ်ရေး အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းနဲ့ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဟာ ဇူလိုင် ၄ ရက်ဒီမနက်အထိ ထောက်ရှာပင်နဲ့ နှောပေါက်နားမှာတိုက်ပွဲဖြစ်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးအခြေနေကိုတော့ ပြောလို့မရသေးဘူးလို့ ဆိုပါတယ်။


စစ်ကြောင်းထိုးတာ၊ တိုက်ပွဲနဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် ရေထွက်၊ ထောက်ရှာပင်၊ အင်ပင်၊ သငုတ်ပြင်၊ ညောင်ရေထဲ၊ ညောင်ပင်တိုက်၊ သနပ်ပင်ဇင်း၊ ထူးကြီး၊ နှောပေါက်ရွာတွေက ဒေသခံ ၁၀,၀၀၀ ကျော်ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတာလို့ ဆိုပါတယ်။
ဒီစစ်ကြောင်းဟာ မြိုင်နယ်၊ တွင်းမရွာနားမှာ MI 17 ရဟတ်ယာဥ်တိုက်ခိုက်ခံရတဲ့ ဇွန် ၂၃ ရက်ကတည်းက ပခုက္ကူကနေထွက်လာပြီး ပခုက္ကူနဲ့ မြိုင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးပြီးမှ ပေါက်မြို့နယ်ထဲကိုရောက်လာတာလို့ သိရပါတယ်။
ဇွန် ၄ ရက်ကလည်း ရေပြာကျေးရွာရဲစခန်းနဲ့ ကုက္ကိုလ်စုရွာ ပျူစောထီးစခန်းတို့ကို တော်လှန်ရေးတပ်ပေါင်းစုတွေက သိမ်းပိုက်ရရှိခဲ့ပြီး တိုက်ပွဲတွင်း စစ်ကော်မရှင်နဲ့ပျူစောထီးအများအပြားသေဆုံးကာ စစ်သားနဲ့ပျူစောထီး ၅၀ ဦးကျော်ကိုလည်းအရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။













