မြေလတ်အသံ၊ ဩဂုတ် ၁၃၊ ၂၀၂၆။
Facebook နဲ့ Instagram တို့ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ ဩစတြေးလျမှာ လူငယ်တွေ လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်ပင်တဲ့ဥပဒေကြောင့် အသက် ၁၆ နှစ်အောက် မသင်္ကာဖွယ် အကောင့်ပေါင်း ၇ သိန်းခွဲကျော်ကို ပိတ်သိမ်းလိုက်ပါတယ်။
ဩစတြေးလျမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ကမ္ဘာပေါ်မှာ ပထမဆုံးအဖြစ် အသက် ၁၆ နှစ် အောက်လူငယ်တွေကို လူမှုကွန်ရက် သုံးစွဲခွင့်ပိတ်ပင်တဲ့ ဥပဒေ ပြဌာန်းခဲ့ရာ ဇွန်လအထိ Instagram အကောင့် ၄ သိန်း ၆ သောင်းကျော်နဲ့ Facebook အကောင့် ၂ သိန်း ၉ သောင်းကျော်ကို Meta က ပိတ်ပစ်ခဲ့တာပါ။
Meta က ဒီဥပဒေကို လိုက်နာဖို့ ကြိုးစားနေပါတယ်လို့ ပြောပေမဲ့ ဩစတြေးလျအာဏာပိုင်တွေကတော့ နည်းပညာကုမ္ပဏီတွေဟာ ဥပဒေကို သေချာ မလိုက်နာဘူးဆိုပြီး တရားစွဲဖို့အထိ ပြင်ဆင်နေပါတယ်။ အခြား နည်းပညာကုမ္ပဏီတွေက ဒီလို အကောင့်ပိတ်သိမ်းတဲ့ စာရင်းတွေကို ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ဩစတြေးလျအစိုးရရဲ့ လေ့လာမှုတွေအရ ဥပဒေအတည်ပြုပြီး ပထမ ၃ လအတွင်းမှာတင် အသက် ၁၆ နှစ်အောက် လူငယ် ၈၀ ရာခိုင်နှုန်းကျော်ဟာ လူမှုကွန်ရက်တွေကို ဆက်သုံးနေတုန်းပဲလို့ သိရပါတယ်။
ဩစတြေးလျအစိုးရဟာ ဒီလို တင်းကြပ်တဲ့ ဥပဒေကို ပြဌာန်းတာဟာ လူမှုကွန်ရက်တွေကြောင့် လူငယ်တွေရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှာကို စိုးရိမ်တာကြောင့် ဖြစ်ပါတယ်။
အခြားကမ္ဘာ့နိုင်ငံတွေကပါ ဒီလို အသက်ကန့်သတ်တဲ့ ဥပဒေမျိုး ပြဌာန်းဖို့ စဉ်းစားနေပါတယ်။ ဩစတြေးလျအစိုးရက နည်းပညာကုမ္ပဏီတွေကို ဥပဒေ မလိုက်နာရင် ဒဏ်ငွေ ဩစတြေးလျဒေါ်လာ ၆၉ သန်းကျော်အထိ တိုးမြှင့်ကောက်ခံမယ်လို့ သတိပေးထားပါတယ်။
Meta၊ TikTok၊ Google နဲ့ Snapchat စတဲ့ နည်းပညာ ကုမ္ပဏီကြီးတွေရဲ့ တာဝန်ရှိသူတွေဟာ လာမယ့် သောကြာနေ့မှာ လွှတ်တော် စုံစမ်းစစ်ဆေးရေး ကော်မတီရှေ့မှောက် ထွက်ဆိုရမှာ ဖြစ်ပြီး၊ Meta က အရေးယူတာတွေကို ဆက်လုပ်နေပြီး ဒီလို ပိတ်ပစ်တဲ့ အကောင့်အရေအတွက် ဆက်တိုးလာမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
လူမှုကွန်ရက်အကောင့်ပိုင်ရှင်တွေရဲ့ အသက်ကို စိစစ်ဖို့အတွက် ကုမ္ပဏီအများစုဟာ ဓာတ်ပုံကနေ အသက်ခန့်မှန်းတဲ့ နည်းပညာတွေကို သုံးစွဲနေကြပါတယ်။
Meta က AI နည်းပညာကို သုံးကာ အကောင့်ပိုင်ရှင်တွေရဲ့ မွေးနေ့ပွဲဓာတ်ပုံတွေ၊ ကျောင်းအတန်းအကြောင်း ရေးထားတာတွေကို စိစစ်ကာ အသက် ၁၆ နှစ်အောက်လို့ သံသယရှိရင် အကောင့်တွေကို ပိတ်ပစ်ပြီး အကောင့်ပိတ်ခံရသူတွေကိုလည်း နောက်ထပ် အကောင့်သစ် ထပ်ဖွင့်လို့မရအောင် တားမြစ်ထားတယ်လို့ ဆိုပါတယ်။
Ref: Reuters
Meta says it has taken down 756,000 Australian teen accounts as ban enforcement looms