ဝက်လက်၊ ဇူလိုင် ၃၁၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ ခင်ဦးမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်ခံခဲ့လို့ ပြည်သူ ၁ ဦးသေ ၂ ဦးဒဏ်ရာရသွားတယ်လို့ သက်ဆိုင်ရာမြို့နယ် ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။
ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည် ၂ နာရီကျော်ခန့်က တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာဟာ ခင်ဦးမြို့နယ်၊ ထနောင်းကုန်းကျေးရွာအနောက်ဘက် လယ်ကွင်းထဲကို ဗုံး ၃ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

“နွားကျောင်းတဲ့ အမျိုးသားက နွားလှန်ပြီး စောင့်နေချိန် မှန်သွားတာ။ အမျိုးသမီးတယောက်လည်း ထိသေးတယ်။ သူက လမ်းသွားရင်း ထိတာ။ ဗုံးလာကြဲတာက ရှောင်ရ၊ ဝပ်ရမယ်ဆိုတာ မလုပ်လိုက်မိလို့ ထိမှန်ကုန်တာ”လို့ ခင်ဦးမြို့နယ် ပကဖတာဝန်ခံက ပြောပါတယ်။
ဗုံးထိမှန်တာကြောင့် အသက် ၅၀ ကျော်အရွယ် ဦးမောင်မောင်ဆိုသူ နေရာမှာပင်သေဆုံးပြီး၊ အသက် ၆၀ ကျော်အရွယ် အမျိူးသမီးတဦးလည်း ဒဏ်ရာရကာ နွားနှစ်ကောင်လည်း သေပြီး၊ နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့ပါတယ်။


အလားတူ အဆိုပါည ၉ နာရီကျော်ခန့်မှာ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းကျေးရွာကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးဟာ ကျေးရွာထဲကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
“ကြဲတာက ရွာထဲကို ကြဲချတာ။ ဗုံးက ၄ လုံး ကြဲသွားတာ။ ဆူဆိုက်နဲ့က သုံးကြိမ် ချသွားသေးတယ်။ တိုက်ပွဲတွေရှိလို့ ကြဲတာမဟုတ်ဘူး။ ဒီအတိုင်းလာကြဲသွားတာ”လို့ ဝက်လက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။


လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၇၆ နှစ်အရွယ် ဦးသန်းလွင်မှာ ဦးခေါင်းထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၃ လုံးထက်မနည်းလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ဒေသခံတွေက ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်ကြတာမျိုးမရှိပဲ ဗုံးခိုကျင်းတွေမှာသာ ပုန်းခိုနေနေရတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာကျေးရွာကို စစ်တပ်က လေကြောင်းကနေ ကြဲချတဲ့ ဗုံးသီးထိမှန်လို့ သက်ကြီးအမျိုးသား ၁ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
















