အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို စစ်မှုထမ်းကြေးလစဉ်ပေးနေရတဲ့ကြားက ပေါ်တာဆွဲဖမ်းဆီးမှုတွေဆက်လုပ်နေ

0 11
0 11

ရေတာရှည်၊ ဇူလိုင် ၁၈၊ ၂၀၂၆။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာအုပ်စုရှိ ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က စစ်မှုထမ်းကြေးလစဥ်ကောက်တဲ့အပြင် ညဘက်ပေါ်တာဆွဲဖမ်းဆီးမှုတွေလည်း ပြုလုပ်နေတယ်လို့ ရွာခံတွေဆီက သိရပါတယ်။

စစ်မှုထမ်းကြေးတအိမ် ကျပ် ၃၀,၀၀၀ နှုန်း၊ ဝန်ထမ်းမိသားစုတအိမ် ကျပ် ၁၅,၀၀၀ ကောက်ခံနေတဲ့အပြင် ပြီးခဲ့တဲ့ဇွန်လအတွင်းကစတင်ပြီး ကျေးရွာတွေမှာ ညဘက်လမ်းထွက်တဲ့လူငယ်တွေကို ကြံသနွယ်‌ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေ၊ ပျူစောထီးခေါင်းဆောင် ဇော်ဇော်အောင်(ခ)ပေါင်ချိန်တို့က ဖမ်းဆီးငွေတောင်းကာ ငွေမပေးနိုင်သူကို စစ်မှုထမ်းပို့ဖို့ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“ပိုက်ဆံကောက်ကတည်းက စစ်မှူထမ်းပေးရရင် အပြင်ကဝယ်ထည့်ပေးမယ်ဆိုပြီးပြောခဲ့တယ်။ အခုကျတော့ သူတို့ကိုယ်တိုင်လိုက်ဖမ်းပြီးထည့်နေတာ။ သူတို့ဖမ်းမိတဲ့သူတွေထဲ ကျောင်းသားပါရင်လည်း ကျောင်းသားလို့မပြောဖို့ ပြောလို့ပြန်လွတ်လာရင်ရိုက်နှက်မယ်ဆိုပြီးခြိမ်းခြောက်တယ်။ ပြန်လွတ်လာသူရှိရင်လည်း ငွေပေးရမယ်ဆိုပြီး ခြိမ်းခြောက်တောင်းတယ်”လို့ ရွာခံတဦးက ပြောပါတယ်။

အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က စစ်မှုထမ်းပေါ်တာဆွဲကာ ငွေကြေးတောင်းခံနေတာကြောင့် ရွာခံလူငယ်တွေမှာည ၇ နာရီနောက်ပိုင်းကစကာ အပြင်မထွက်ရဲကြတော့ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇွန် ၂၇ ရက်ကလည်း လယ်တောကနေပြန်လာတဲ့ ကြံသနွယ်ရွာသား ရဲဝင်းကျော်ကို အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကဖမ်းဆီးပြီး မြို့နယ်ထွေအုပ်ရုံးမှာ ဖမ်းဆီးထားချိန် မိသားစုဝင်တွေနဲ့ရွာသားတွေက သွားရောက်တောင်းပန်ပြီး ငွေကျပ်သိန်း ၂၀ နဲ့ရွေးယူခဲ့ရတယ်လို့ ဆိုပါတယ်။

ကြံသနွယ်ကျေးရွာအုပ်စုမှာ ကြံသနွယ်၊ ခြံကျောင်း၊ မြောက်နန်ချွန်၊ တောင်နန်ချွန်၊ အရှေ့နန်ချွန်၊ ဆိုင်တမော့ကြီး၊ ဆိုင်တမော့လေး၊ ဆက်တစ်၊ ခေါင်းဖက်ရွာတို့ပါဝင်ပြီး ရွာတရွာမှာ အနည်းဆုံးအိမ်ခြေ ၂၀၀ မှ ၃၀၀ ကြားရှိကာ ရွာခံအများစုက လယ်၊ ယာ၊ ကိုင်းကျွန်းနဲ့သာမန်လက်လုပ်လက်စားများတယ်လို့ သိရပါတယ်။

အဆိုပါကျေးရွာတွေက စစ်မှုထမ်းကြေးကို ပြည်သူ့စစ်မှုထမ်းစတင်ခေါ်ဆောင်တဲ့ ၂၀၂၄ ခုနှစ် ဧပြီ ကတည်းက စစ်မှုထမ်းအသက်အရွယ်မရှိတဲ့နေအိမ်တွေပါမကျန် လစဥ်ပေးနေရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

by MLAT 26 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။