မြေလတ်အသံ၊ အောက်တိုဘာ ၂၂၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ကလေးဝနဲ့ မင်းကင်းမြို့နယ်တွေမှာ အောက်တိုဘာလ တတိယပတ်အတွင်း ဒေသခံတွေ ပေါ်တာဆွဲခံရတာ ၁၀၀ ကျော်အထိ ရှိလာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ နီးစပ်တဲ့ ကလေးဝနဲ့ မင်းကင်းမြို့နယ်တွေထဲက နယ်မြေခံ PDF တပ်ရင်းတွေက လိုက်ပြီးပေါ်တာဆွဲကာ တပ်သားသစ်စုဆောင်းမှုတွေ ပြုလုပ်နေတာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။
“KIA က တိုက်ရိုက်ဆွဲတာတော့ မဟုတ်ဘူး။ တပ်ရင်းတွေကို ဆွဲခိုင်းတဲ့သဘော။ ရွာတိုင်းဆွဲတာဆိုတော့ များတယ်။” လို့ မင်းကင်းဒေသခံ စစ်ရေးသတင်းရင်းမြစ် ၁ ဦးက ပြောပါတယ်။
ကလေးခရိုင်ထဲမှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာလထဲကစပြီး ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီကနေ့ အောက်တိုဘာလ ၂၂ ရက်နေ့အထိ ပေါ်တာဆွဲခံရသူ ၁၀၀ ကျော် ရှိလာပြီလို့ ဒေသခံတွေက ဆိုပါတယ်။
“ရွာထဲတွေထိ ဝင်ဆွဲတာ။ အရင်လက ၃ယောက်၊ အခု နန်းသညစ်ရွာက ၂ ယောက်ဆွဲ သွားတယ်။ ရွာက ပကဖတွေတော့ လိုက်သွားထုတ်တယ်။ မရရင် ဆန္ဒပြမယ်လို့ ရွာကလူတွေ ပြောနေကြတယ်။ ဘေးရွာက ညီတွေလည်း အဆွဲခံရတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။
အဲ့ဒီနယ်ဘက်တွေမှာ အာဏာသိမ်းစစ်တပ်အပြင် တော်လှန်ရေးတပ်ဖွဲ့တချို့ကပါ အဓမ္မစစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ကြောက်လန့်နေရတယ်လို့ သူက ဆက်ပြောပါတယ်။
“အချိန်သတ်မှတ်ချက်မရှိဘဲ ရွာတွေထဲ နေ့ခင်းတွေပါဝင်ဆွဲတော့ ပြည်သူတွေ ဒုက္ခရောက်တာပေါ့။ ပြည်သူတွေက စားဝတ်နေရေးအပြင် နှစ်ဖက်ကြောက်နေရတယ်ဗျ။ ပေါ်တာဆွဲတာ ၁၀၀ ကျော်သွားပြီတဲ့ဗျ။” လို့ အထက်ပါ ဒေသခံက ပြောပါတယ်။
မင်းကင်းမြို့နယ်ထဲက ရွှေမျောတွေ အများစုရှိတဲ့ ကျေးရွာတွေမှာလည်း အောက်တိုဘာ ၂၁ ရက် မနေ့က ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ကြောင်း ဒေသခံတဦးက ဆိုပါတယ်။
“ရွှေမျောတွေရှိတဲ့ မနေ့က မြောက်ချွန်းတို့ ဘာတို့ အဲဒီဝန်းကျင်တွေအကုန်လုံးကို တောက်လျှောက်ဆွဲနေတာ။ သူတို့ ခေါင်းတီး၊ ထန်းပင်ချောင်တို့ အဲဒီ ကလေးဝနယ်ထဲက ဟာတွေ တော်တော်များများ ဆွဲတာ။”လို့ ဒေသခံတဦးက ပြောပါတယ်။
အလားတူ ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာတွေမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေကို လွန်ခဲ့တဲ့ ၃ လခန့်ကစလို့ ပြုလုပ်နေတယ်လို့ သိရပါတယ်။
KIA ရဲ့တောင်းဆိုမှုကြောင့် တပ်ရင်းတွေက ပေါ်တာဆွဲနေတာလို့ ဒေသခံလူထုနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုနေပေမယ့် မြေလတ်အသံသတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။