မြေလတ်အသံ၊ ဧပြီ ၁၀၊ ၂၀၂၆။
ယခင်က စစ်ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ လူမြင်ကွင်းမှ ရက်အတန်ကြာပျောက်ဆုံးနေရင် ဒိုင်ခံဖြေရှင်းရတဲ့ စစ်ကော်မရှင်သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း ၎င်းကိုယ်တိုင် လူမြင်ကွင်းကနေ ပျောက်ဆုံးနေတာ ရက်သတ္တပတ် ၃ ခု ကျော်ရှိပါပြီ။
စစ်ကော်မရှင်သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း ဆိုတာ စစ်အာဏာမသိမ်းမီ အရပ်သားအစိုးရလက်ထက်ကပင် စစ်ကော်မရှင်တပ်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ မီဒီယာတွေကို ပင်တိုင်အင်တာဗျူးဖြေကြားပေးသူဖြစ်တဲ့အပြင် စစ်အာဏာသိမ်းကာလတလျှောက်လုံးမှာလည်း အာဏာသိမ်းစစ်တပ်၊ စစ်ကော်မရှင်တို့ရဲ့လုပ်ဆောင်ချက်တွေကို သတင်းရုပ်သံတွေကနေတဆင့် စစ်ယူနီဖောင်းနဲ့တလှည့်၊ တိုက်ပုံအင်္ကျီနဲ့တဖုံ အစဥ်တစိုက် ကာကွယ်ပြောဆိုနေသူဖြစ်တာကြောင့် မြန်မာပြည်သူအများစုအကြား နာမည်ဆိုးနဲ့ကျော်ကြားသူလည်း ဖြစ်ပါတယ်။
ဗိုလ်ချုပ် ဇော်မင်းထွန်းဟာ စစ်ကော်မရှင်တပ်သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်သလို စစ်ကော်မရှင်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) လက်အောက် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး (ကကပြည်) ညွှန်ကြားရေးမှူးလည်းဖြစ်ပြီး အစိုးရအဖွဲ့မှာလည်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် စစ်ယူနီဖောင်းဝတ်နဲ့ တာဝန်ယူထားတာပါ။
သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်တာကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြည်တွင်း၊ ပြည်ပခရီးစဥ်တွေတိုင်းနီးပါးမှာ လိုက်ပါရသူဖြစ်ပြီး စစ်ကော်မရှင်ရဲ့လုပ်ဆောင်ချက်တွေကို ပင်တိုင်ကာကွယ်ပြောဆိုပေးမှုတွေကြောင့် စစ်ခေါင်းဆောင်ရဲ့ အရေးပေးခံရသူတဦးလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၆ စစ်ကော်မရှင်ရဲ့တပ်မတော်နေ့နှစ်ပတ်လည်စစ်ရေးပြအခမ်းအနားမတိုင်ခင် စစ်တပ်ဝါဒဖြန့်ရုပ်ရှင်ကားဖြစ်တဲ့ “တိမ်ပင်လယ်ခရီးကြမ်း” မှာ ပါဝင်သရုပ်ဆောင်ခဲ့ကြသူတွေကို အခမ်းအနားနဲ့ဆုချီးမြှင့်ပွဲပြုလုပ်ခဲ့ပြီး အဲ့ဒီပွဲကို ဗိုလ်ချုပ် ဇော်မင်းထွန်း ယခင်ကညွှန်ကြားရေးမှူးတာဝန်ယူထားတဲ့ ကကပြည် က ဦးစီးပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
အဲ့ဒီအခမ်းအနားကို ယခု ဒု-စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ စစ်ကော်မရှင်ထိပ်ပိုင်း အရာရှိကြီးတချို့နဲ့ ကကပြည် ညွှန်မှူးအဖြစ် ဗိုလ်မှူးချုပ် ရဲရင့်အောင်တို့ တက်ရောက်ခဲ့တယ်လို့ စစ်တပ်ထိန်းချုပ် မြဝတီသတင်းရုပ်သံက ဖော်ပြပါတယ်။
အဆိုပါအခမ်းအနားမှာ ကကပြည် ညွှန်မှူးအဖြစ် ဗိုလ်မှူးချုပ် ရဲရင့်အောင် က တက်ရောက်ခဲ့တာကြောင့် ဗိုလ်ချုပ် ဇော်မင်းထွန်း ရဲ့ စစ်ဘက်ရာထူးကို စစ်ခေါင်းဆောင်တွေက ရုတ်သိမ်းထားကြောင်း ထင်သာ၊ မြင်သာ ရှိခဲ့တာပါ။
ဒါပေမယ့်အဲ့ဒီရက်ပိုင်းက စစ်ကော်မရှင်ရဲ့ပြန်ကြားရေးဝန်ကြီးဌာနဝက်ဆိုဒ် အစိုးရအဖွဲ့ဝန်ကြီး၊ ဒုဝန်ကြီး အမည်စာရင်းတွေမှာတော့ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ပြန်ကြားရေး ဒုဝန်ကြီးအဖြစ် ဆက်လက်တွေ့ရှိရပေမယ့် နေပြည်တော်နဲ့အနီးတဝိုက်က စစ်တပ်ခေါင်းဆောင်ပိုင်းတွေ “လှည်းနေလှေအောင်း မြင်းဇောင်းမကျန်” တက်ရောက်ရတဲ့ မတ်လ ၂၇ ရက် ညနေပိုင်း တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို ဗိုလ်ချုပ် ဇော်မင်းထွန်း တက်ရောက်မလာခဲ့ပါဘူး။
အဲ့ဒီနောက် ဗိုလ်ချုပ် ဇော်မင်းထွန်း ဟာ တရုတ်နိုင်ငံက ပြည်ပကိုရောင်းချခွင့်ပိတ်ထားတဲ့ ဒရုန်းတွေ မြန်မာကုမ္ပဏီတွေကိုရောင်းချတာမှာ ပါဝင်ပတ်သက်နေကြောင်း တရုတ်ကိုယ်စားလှယ် တိန့်ရှီကျွမ်း က စစ်ခေါင်းဆောင်ကို အထောက်အထားတွေနဲ့ တိုင်ကြားခဲ့တာကြောင့် ရာထူးကနေဖြုတ်ချခံခဲ့ရတယ်လို့ ဧရာဝ တီက ဧပြီလပထမပတ်ထဲမှာ ရေးပါတယ်။
ဒါ့အပြင် ဧပြီလ ၈ ရက်က နေပြည်တော်၊ အမှတ် ၂ ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနဲ့စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး(ကကပြည်)ရဲ့ ၇၉ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားပြုလုပ်ခဲ့ပြီး အဲ့ဒီအခမ်းအနားကို တပ်ချုပ်အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ခဲ့တယ်လို့ မြဝတီသတင်းရုပ်သံမှာ အဲ့ဒီညပိုင်းက ဖော်ပြပါတယ်။
ကကပြည် နှစ်ပတ်လည်နေ့အခမ်းအနားကို ယခင် ကကပြည်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစားအရာရှိကြီးတွေနဲ့ ညွှန်ကြားရေးမှူးအဟောင်းတွေ တက်ရောက်ခဲ့တယ်လို့ သတင်းမှာဖော်ပြပေမယ့် အဲ့ဒီအခမ်းအနားမှာလည်း ကကပြည်ညွှန်ကြားရေးမှူးရာထူးကို လက်လွှတ်ရတာရက်ပိုင်းသာရှိသေးတဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်း တက်ရောက်လာတာမတွေ့ရပါဘူး။
လက်ရုံးတပ်ဖွဲ့အလိုက် နှစ်ပတ်လည်နေ့အခမ်းအနားတွေမှာ အရာရှိချုပ်ဟောင်း၊ ညွှန်ကြားရေးမှူးဟောင်း၊ ဌာနကြီးမှူးဟောင်းတွေနဲ့ အရာရှိကြီးအငြိမ်းစားတွေ အများစုတက်ရောက်ခွင့်ရလေ့ရှိပေမယ့် အမှုတခုခုနဲ့ ရင်ဆိုင်နေရတဲ့ သို့မဟုတ် ထုတ်ပယ်ခံထားရတဲ့ အရာရှိချုပ်ဟောင်း၊ ညွှန်မှူးဟောင်းတွေနဲ့ စစ်ခေါင်းဆောင်တွေရဲ့ အမြင်မကြည်မှုကိုခံရသူ ဗိုလ်ချုပ်ဟောင်းတွေအနေနဲ့တော့ အဲ့ဒီလိုအခမ်းအနားတက်ရောက်ခွင့်မရဘူးလို့ မြန်မာစစ်တပ် CDM အရာရှိတဦးက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၁၀ ရက်မှာ စစ်ယူနီဖောင်းချွတ်တွေနဲ့ ကြံ့ခိုင်ရေးပါတီအမတ်တွေကြီးစိုးတဲ့ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းလာတဲ့ ဒုတိယဝန်ကြီးအဆိုပြုအမည်စာရင်းမှာလည်း ပြန်ကြားရေးဒုတိယဝန်ကြီးနေရာမှာ ဗိုလ်ချုပ် ဇော်မင်းထွန်း အမည်စာရင်းမပါဝင်ခဲ့ပါဘူး။
ယခင်စစ်ကော်မရှင်အစိုးရမှာ ပြန်ကြားရေးဒုဝန်ကြီးအဖြစ် ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ ဦးရဲတင့် တို့ ၂ ဦးကို ခန့်အပ်ထားတာဖြစ်ပြီး လက်ရှိ စစ်ယူနီဖောင်းချွတ်အစိုးရမှာတော့ ဦးရဲတင့် တဦးတည်းသာ ဒုတိယဝန်ကြီးအမည်စာရင်းမှာ ပြန်လည်ပါဝင်လာတာပါ။
ဒါကြောင့် ဗိုလ်ချုပ် ဇော်မင်းထွန်းအနေနဲ့ စစ်ဘက်၊ နယ်ဘက် ရာထူးတွေအသီးသီးကနေ ဖြုတ်ချခံရပြီး အမှုတခုခုနဲ့ရင်ဆိုင်နေရတယ်လို့ သုံးသပ်ရနိုင်ကြောင်း CDM တပ်မတော်သားတွေက ခန့်မှန်းပါတယ်။
ယခင်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စိုးဝင်းတို့ လူမြင်ကွင်းကနေ ရက်အတန်ကြာပျောက်ဆုံးနေပါက လူမှုကွန်ယက်တွေမှာ ပေါ် ထွက်လေ့ရှိတဲ့ ကောလာဟာလသတင်းတွေကို စစ်တပ်ထောက်တိုင်သတင်းမီဒီယာနဲ့ချန်နယ်တွေက မေးမြန်းလာပါက “ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌကြီး ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကျန်းမာစွာနဲ့ နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်လျက်ရှိပါတယ်” လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က ဖြေကြားလေ့ရှိပါတယ်။
ဒါပေမယ့် လက်ရှိ ဗိုလ်ချုပ် ဇော်မင်းထွန်း လူမြင်ကွင်းကနေ ပျောက်ဆုံးနေချိန် ယခင်က ၎င်းနဲ့တသွေးတသားတည်း လည်ပင်းဖက်နေခဲ့တဲ့ စစ်တပ်ထောက်တိုင်သတင်းမီဒီယာနဲ့ တယ်လီဂရမ်ချန်နယ်တွေအနေနဲ့ သူ့ရဲ့သတင်းကို အရေးတယူဖော်ပြနေတာမရှိသလို စစ်ကော်မရှင်ကို မေးမြန်းတာလည်း မတွေ့ရပါဘူး။
ယခင်က ဒုဝန်ကြီးများ အနားပေး၊ ထုတ်ပယ်၊ အစားထိုးခန့်အပ်မှုများအတွက် စစ်ကော်မရှင်ဘက်က ပြန်တမ်းအနေနဲ့ ထုတ်ပြန်လေ့ရှိပေမယ့် ယခုအထိ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို စစ်ကော်မရှင်ဘက်က တစုံတရာထုတ်ပြန်လာတာမရှိသေးဘဲ ဗိုလ်ချုပ် ဇော်မင်းထွန်း လူမြင်ကွင်းကနေပျောက်ဆုံးနေရတာ ရက်သတ္တပတ် ၄ ခုထဲကို ရောက်ရှိလာပြီလည်း ဖြစ်ပါတယ်။
ဧရာဝတီသတင်းအရ ဗိုလ်ချုပ် ဇော်မင်းထွန်း ဟာ အထက်ပါဒရုန်းရောင်းဝယ်မှုကိစ္စတွေမှာ ပါဝင်မှုရှိခဲ့ပါက တရုတ်နိုင်ငံနဲ့ပတ်သက်လာရင် အမြဲလိုလို တရုတ်အလိုလိုက် အလျှော့ပေးရတဲ့ စစ်ခေါင်းဆောင်တွေရဲ့ မူအရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို အရေးယူဆောင်ရွက်သွားမလား၊ စစ်ကော်မရှင်ဘက်ကနေ နှစ်ရှည်လများ အဆဲခံ၊ အဆိုခံနဲ့ ကာကွယ်ပြောဆိုလာခဲ့တဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို တရုတ်ရဲ့တိုင်ကြားမှုကိုဆန့်ကျင်ပြီး လူမြင်ကွင်းကို တကျော့ပြန် ပြန်လည်ခေါ်ထုတ်လာနိုင်မလား စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။






