ဘုန်းကြီးကျောင်းဝန်းထဲ ဒရုန်းဗုံးကြဲခံရလို့ ကပ္ပိယသေဆုံးပြီး သံဃာတပါးဒဏ်ရရာ

0 2
0 2

မတ္တရာ၊ စက်တင်ဘာ ၁၈၊ ၂၀၂၆။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဘိုးကြီးကျွန်းကျေးရွာက ဘုန်းကြီးကျောင်းဝန်းထဲ ဗုံးကြဲခံရလို့ ကပ္ပိယသေဆုံးပြီး သံဃာတပါးဒဏ်ရရာတယ်လို့ မတ္တရာမြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။

စက်တင်ဘာလ (၁၇) ရက်နေ့ညနေ (၆) နာရီ မိနစ် (၅၀) ခန့်မှာ ဥဒိန်ရွာမှာ တပ်စွဲထားတဲ့စစ်တပ် တပ်ဖွဲ့ဝင်တွေကနေ ကျေးရွာအနောက်တောင်ဘက်ခြမ်းရှိ ဘုန်းကြီးကျောင်းအတွင်းကို ဗုံးသီးနှစ်လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

“ဗုံးသီးက နှစ်လုံး ကျောင်းပေါ်ကျတာမဟုတ်ဘူး။ ကျောင်းဝန်းထဲကိုကျတာ။ ထိတဲ့ သူတွေက ကျောင်းဝန်းထဲမှာရှိနေကြချိန်ထိတာ။ ဗုံးသီးကျပြီး လက်နက်ကြီးတွေနဲ့လည်း ထပ်ပစ်တာရှိသေးတယ်။ ပစ်တဲ့ရွာနဲ့ ထိတဲရွာက မြစ်အရှေ့ဘက်အနောက်ဘက်ပဲ။ ရဲဘော်လည်းမရှိပဲ သက်သက်ပစ်တာ” လို့ မတ္တရာမြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒရုန်းဗုံးထိမှန်လို့ ကပ္ပိယဖြစ်သူ အသက် (၅၀) ကျော်အရွယ် ဦးထွန်းဝေ ဆိုသူမှာ နေရာမှာပင်သေဆုံးပြီး သက်တော် (၅၀) ဝန်းကျင်အရွယ် သံဃာတပါးလည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ဒရုန်းအပြင်၊ လက်နက်ကြီးတွေ အကြောင်းမဲ့ပစ်ခတ်လာတာကြောင့် ကျေးရွာနေပြည်သူတွေဟာ ညတွင်းချင်းတိမ်းရှောင်ကြတာမျိုးရှိပြီး ယနေ့ စက်တင်ဘာလ (၁၈) ရက်နေ့ နေ့လည်ပိုင်းလောက်မှာတော့ ကျေးရွာထဲပြန်ဝင်လာ ကြပါတယ်။

၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့ကလည်း မတ္တရာမြို့နယ်၊ စကားပင်ကျေးရွာ ဘုန်းကြီးကျောင်းထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀) ဗုံးတလုံးကြဲချခဲ့ရာ လူထိခိုက်မှုမရှိပေမဲ့ ဘုန်းကြီးကျောင်းပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။