ပြည်ကြီးတံခွန်ဆရာတော် စစ်ကြောရေးထဲရောက်နေပြီး ရွာသား ၄ ဦး ပျောက်ဆုံးနေဆဲ

0 4
0 4

မြင်းမူ၊ မတ် ၁၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာထဲမှာ စစ်ကောင်စီတပ်သားတွေရဲ့ဖမ်းဆီးတာကို ခံလိုက်ရတဲ့ ပြည်ကြီးတံခွန်ဆရာတော်ဦးအဂ္ဂ မှာ တပ်မ(၃၃)ထဲ စစ်ကြောရေးခံနေရပြီး ရွာခံသား ၄ ဦးမှာ သတင်းအစအနမရဘဲ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေတဲ့ လက္ကပင်ရွာခံသား ၄ ဦးမှာ ကိုစိုးတေ (၁၇နှစ်)၊ မင်းမင်းထက် (၃၀နှစ်)၊ ကိုရဲလင်း (၃၀နှစ်)၊ ဖိုးထောင် (၅၃နှစ်) တို့ဖြစ်ပြီး သူတို့ဟာ သတင်းမရဘဲ ပျောက်ဆုံးနေတာ ဒီကနေ့နဲ့ဆို ၉ ရက်ရှိပြီ ဖြစ်တယ်လို့ မြင်းမူအခြေစိုက် Knight Commanders PDF မှ တာဝန်ခံ ဘယ်သန်ကြီးက ပြောပါတယ်။

“ဆရာတော်ကို လူဝတ်လဲပြီးတော့ ဖမ်းသွားတာ။ ဒီနေ့အချိန်ထိတော့ အသက်ရှင်ပြီး စစ်ကြောရေးခံနေရတယ်လို့ သတင်းအတိအကျ ရထားတယ်။ ဒေသခံ ၄ ယောက်ကိုတော့ ဘာမှသတင်းမရဘူး။ သေပြီလား ဆိုတာလည်း မသိရသေးဘူး” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်း တခုဟာ လက္ကပင်ကျေးရွာကို ဝင်ရောက်လာပြီး ဆရာတော် ဦးအဂ္ဂ၊ PDF ရဲဘော် ၅ ဦး၊ ရွာခံအမျိုးသား ၄ ဦးတို့ကို ဖမ်းဆီးပြီးနောက် အဲဒီထဲက PDF ရဲဘော် ၅ ဦးကို သတ်ဖြတ်ပြီး အလောင်းတွေကို မြစ်ထဲမျောခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂမှာ အာဏာသိမ်းပြီးချိန်မှစတင်ပြီး အာဏာရှင်ကို ရရာနေရာက ဦးဆောင်တော်လှန်နေပြီး၊ စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့တို့ရဲ့ ဖျက်ဆီးခံရတဲ့ ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲအပူကို အေးမြသောမေတ္တာ စာနာသောကရုဏာနှလုံးသား ရဲရင့်သောသတ္တိတို့နဲ့ ဦးဆောင်ဦးရွက်ပြုကာ ပြည်သူကို ကျေးဇူးပြုနေသော တော်လှန်ရဟန်းတော်တပါး ဖြစ်တယ်လို့ သံဃသမဂ္ဂ (မန္တလေး)မှ ထုတ်ပြန်ထားပါတယ်။

ပြည်သူကို ကျေးဇူးပြုကာ မတရားမှုကို အစွမ်းကုန် တော်လှန်သော ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂရဲ့ အသက်အန္တရာယ်ဖြစ်ပေါ်ခဲ့ပါက စစ်ကောင်စီတပ်အနေနဲ့ ရာနှုန်းပြည့် တာဝန်ရှိပြီး တာဝန်ခံရမည်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။