တန့်ဆည်၊ ဩဂုတ် ၈၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွှေလှံကျေးရွာမှာ ရေစီးနဲ့မျောပါသွားတဲ့ ကလေး ၁ ဦးအပါအဝင် ၂ ဦးပျောက်ဆုံးနေတယ်လို့ တန့်ဆည်မြို့နယ်ပကဖတာဝန်ရှိသူဆီက သိရပါတယ်။
ဩဂုတ် ၇ ရက်မနက်ပိုင်းမှာ အသက် ၂ နှစ်အရွယ် ယောင်္ကျာလေး ၁ ဦးနဲ့ အသက် ၅၀ ကျော်အမျိုးသား ၁ ဦးတို့ဟာ သူတို့နေအိမ်တွေမှာရှိနေချိန် ရေစီးကြမ်းတာကြောင့် ရေစီးနဲ့အတူမျောပါသွားတယ်လို့ ဆိုပါတယ်။
“ရေထဲတင်ပါသွားတာဆိုတော့ အသက်ပျောက်လောက်ပြီး။ ရေကတဖြည်းဖြည်းတက်လာတော့ ကလေးပေါက်စက တဲပေါ်ရှိနေတာ။ တဲပါရေစီးနဲမျောတာဆိုတော့ပါသွားတယ်။ လူကြီးကျတော့ ဘယ်လိုဖြစ်တယ်ဆိုတာ စုံစမ်းနေတုန်း။ သူလည်းရေစီးနဲ့ပါသွားတာ”လို့ တန့်ဆည်မြို့နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။
ရေစီးနဲ့အတူ ပျောက်ဆုံးနေတဲ့ ကလေးငယ်နဲ့အမျိုးသားကို သေဆုံးသွားပြီးလို့ ရွာခံတွေကသတ်မှတ်ပြီး အလောင်းကိုလိုက်ရှာကြပေမယ့် ဩဂုတ် ၈ ရက် ဒီမနက်ပိုင်းထိပြန်ရှာမတွေ့သေးဘူးလို့ သိရပါတယ်။
မူးမြစ်ရေကြီးလို့ ဩဂုတ် ၆ ရက်မနက်မှာ တန့်ဆည်မြို့နယ်၊ ပေါင်ကတောင်ကျေးရွာက မူးမြစ်ကူး တံတား ၁ စင်း၊ တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာနဲ့ကန့်ဘလူမြို့နယ်၊ ကံရိုးကျေးရွာကြားရှိ မူးမြစ်ကူးတံတားတို့ ရေစီးနဲ့အတူမျောပါပျက်စီးသွားခဲ့သလို ကပျု၊ သာခေါင်ကြီး၊ ဝက်သိုး၊ အောင်သုခ၊ ဥာဏ်သာ၊ ရသစ်၊ ငတန်း၊ သာစည်ကုန်း၊ ရွှေလှံ၊ မူးခွ၊ ကန့်ဘလူမြို့နယ်အတွင်းက ကံရိုး၊ မိုးကောင်း၊ မူးကျင်းစုအပါအဝင် မူးမြစ်ကမ်းဘေးကျေးရွာ ၆၀ ကျော်မှာလည်းရေကြီးနေတယ်လို့ ဆိုပါတယ်။
ဩဂုတ် ၆ ရက်ကလည်း ဒီပဲယင်းမြို့နယ်၊ ချောင်းရိုးကျေးရွာမှာ ကောက်စိုက်ပြန်လာတဲ့ အမျိုးသမီး ၁၀ ဦး ရေစီးနဲ့မျောပါသွားပြီး ၄ ဦးကိုသာ အသက်ရှင်လျက်ပြန်ကယ်နိုင်ခဲ့ပြီး ကျန်သူတွေက ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။