⁨ပေါင်းတည်စွယ်တော်ပွဲ စည်ကားပေမယ့် စမ်းရေမိုးဇာတ်ပွဲ လာကြည့်သူနည်းပါး

0 0
0 0

ပေါင်းတည်၊ စက်တင်ဘာ ၂၄၊ ၂ဝ၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့မှာ အကျဉ်းချုံးကျင်းပတဲ့ ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံလှည့်လည်ပွဲကို လာရောက်လည်ပတ်သူများပေမယ့် ပွဲတော်မှာ အခကြေးငွေနဲ့ ရုံသွင်းကပြတဲ့ စမ်းရေမိုးဇာတ်ပွဲကိုတော့ ပွဲကြည့်သူပရိတ်သတ်နည်းပါးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စမ်းရေမိုးဇာတ်အဖွဲ့ ဟာ ပေါင်းတည်မြို့ မိုးလုံ၊ လေလုံ အားကစားခန်းမထဲမှာ စက်တင်ဘာ ၂၃ ရက် (မနေ့က)စတင်ပြီး ၂၇ ရက်အထိ (၅) ညတိုင်တိုင် ကပြမှာဖြစ်ပြီး ပထမဆုံးကပြတဲ့ မနေ့ညက ပွဲလာကြည့်သူနည်းတယ်လို့ သိရပါတယ်။

“လူတွေက စိတ်အပန်းဖြေတဲ့အနေနဲ့သာပဲ ပွဲတော်ထွက်လည်ကြတာ။ အဖက်ဖက်က ကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ ဒါ့ကြောင့်စမ်းရေမိုးကို စိတ်ဝင်စားမှု နည်းပါးတယ်”လို့ မြို့ခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

ဇာတ်ရေမိုးဇာတ်ပွဲအတွက် ဖျာလက်မှတ် ၁ ချပ်ကို ကျပ် ၁ သိန်းခွဲ၊ ၁ သိန်းနဲ့ ၇ သောင်းဖြစ်ပြီး၊ ဘေးတန်းက ကုလားထိုင် ၁ ခုံကို ကျပ် ၅ သောင်းနဲ့ ကျပ် ၄ သောင်းဆိုပြီး ပွဲမစတင်မီ ၃ ပတ်အလိုကတည်းက ရောင်းချတာဖြစ်ပြီး ရုံဝင်ခက လူကြီး ကျပ် ၁ သောင်းခွဲနဲ့ ကလေး ၁ သောင်းကျပ်လို့ ဆိုပါတယ်။

တခြားမြို့နယ်တွေမှာတော့ စမ်းရေမိုးဇာတ်ပွဲကြည့်သူ ကြိတ်ကြိတ်တိုးစည်းကားခဲ့ပေမယ့် ပေါင်းတည်မြို့ဘုရားပွဲရဲ့ ပထမဆုံးရက်မှာတော့ ပွဲကြည့်သူနည်းပါးတာကိုတွေ့ရပြီး၊ စမ်းရေမိုးဇာတ်အဖွဲ့နဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာမှာ တင်လေ့ရှိသူ Aung Kyaw Tyn ကလည်း “ပေါင်းတည် ပထမည လူနည်းပါးတယ် စမ်းရေမိုးဝင်နေကျ စံချိန်အရပြောတာပါ” လို့ သူ့ရဲ့ Facebook မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ပေါင်းတည်မြို့မှာ ဗုဒ္ဓစွယ်တော်ပွားအပူဇော်ခံပွဲကို စက်တင်ဘာ ၂၄ ရက်ကနေ စက်တင်ဘာ ၂၆ ရက် (တော်သလင်းလဆန်း ၁၃ ရက်ကနေ တော်သလင်းလပြည့်နေ့)အထိ ၃ ရက်တာ အကျဉ်းချုံး ကျင်းပခြင်းဖြစ်ပြီး စစ်တပ်က အာဏာမသိမ်းမီက ကျင်းပသလို ပွဲတော်လာသူတွေကို ဗလာဇာတ်နဲ့ ဖျော်ဖြေတာ၊ ဗုဒ္ဓစွယ်တော်ပွားမြို့ပေါ်ရပ်ကွက်တွေကိုလှည့်လည် အပူဇော်ခံရာမှာလည်း ယခင်ကလို ဇာတ်နိပတ်တွေ ယိမ်းကားတွေပါဝင်ခြင်းမရှိဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။

ဗုဒ္ဓစွယ်တော်ပွားကို ဒီကနေ့ မွန်းလွဲ ၁ နာရီမှာ မြို့ပေါ်ရပ်ကွက်တွေကို လှည့်လည်အပူဇော်ခံမှာဖြစ်ပါတယ်။

သတင်း – သော်တာအောင်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။