ကန့်ဘလူ၊ နိုဝင်ဘာ ၁၊၆ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘိုကို ရောက်လာတဲ့ စစ်ကြောင်းဟာ ဇော်ချောင်းရွာနဲ့ သင်တောရွာဘက်ကို စစ်ကြောင်းဆက်ထိုးလာရာ တိုက်ပွဲဖြစ်ပြီးနောက် ကျေးရွာ ၂ ရွာကို မီးရှို့နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့ မနက် ၇ နာရီခန့်က မိသလင်ကုန်းရွာဘက်ကနေ အင်အား ၂၀၀ ကျော်နဲ့ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းဟာ ဇော်ချောင်းရွာဘက်ထွက်လာစဥ် PDF တပ်ဖွဲ့အချို့ရဲ့ ကြားဖြတ်ခိုက်ခိုက်တာခံခဲ့ရပြီး၊ အဲဒီစစ်ကြောင့်ဟာ မနက် ၉ နာရီကျော်ခန့်မှာ ဇော်ချောင်းရွာကို ရောက်ကာ ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ခဲ့ပြီး၊ နေလယ် ၂ နာရီခန့်က သင်တောရွာကို ပြန်ဝင်လာကာ ကျေးရွာထဲက နေအိမ်တွေကို မီးရှို့သွားခဲ့တယ်လို့ သိရပါတယ်။
“ဇော်ချောင်းကိုတော့ အရင်ရှို့တာပါ။ ပြီးမှ ဒီနေ့လည်မှ သင်တောပြန်ဝင်ပြီး ရှို့တာ။ လူမရှိတော့ မီးလောင်ပျက်စီးများနိုင်ပေမယ့် အရေအတွက် သိရဖို့တော့ ခက်တယ်။ ဘာလို့ဆို စစ်ကြောင်းကလည်း ရှိနေသေးတာကြောင့်ပါ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဟာ ဇော်ချောင်းနဲ့ သင်တောတဝိုက်မှာ ယနေ့ညနေ ပိုင်းအထိရှိနေသေးတာကြောင့် မီးလောင်ပျက်စီးမှု အခြေနေကို အတိအကျမသိရသေးပဲ နှစ်ရွာပေါင်း အိမ်ခြေ ၃၀ ထက်မနည်း မီးရှို့ဖျက်စီးခံရနိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့အပါတ် နိုဝင်ဘာလ ၁၃ ရက်နေကစတင်ပြီး ကောလင်းဘက်ကနေ ကနဦးအင်အား ၁၅၀ ပါစစ်ကြောင်းဟာ ကောလင်းကနေတဆင့် ကိုးတောင်ဘိုရွာကို ဝင်ရောက်လာကာ ကျေးရွာအနီး ကန့်ဘလူခရိုင်ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ကိုးတောင်ဘိုရွာကို စစ်တပ်က ပြန်ရသွားခဲ့တာ ဖြစ်ပါတယ်။
အဲဲဒီနောက် နိုဝင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ ကောလင်းဘက်ကနေ နောက်ထပ်အင်အား ၄၀၀ ခန့်ထပ်မံဝင်ရောက်လာပြီး ဇော်ချောင်းရွာအထိ စစ်ကြောင်းဆက်ထိုးနေရာ ၄ ရက်အတွင်းတိုက်ပွဲ ၄ ကြိမ်ထက်မနည်းဖြစ်ထားပြီး နှစ်ဖက်ထိခိုက်သေဆုံးအခြေနေကိုတော့ ပြောလို့မရသေးဘူးလို့ ဆိုပါတယ်။
စစ်ကြောင်းထိုး တိုက်ပွဲကြောင့် ကောလင်းနဲ့ကန့်ဘလူမြို့ကြားရှိ ကိုးတောင်ဘို-ချပ်သင်းလမ်းပိုင်းဘေးရှိ ကိုးတောင်ဘို၊ ကိုင်းမ၊ မိဿလင်ကုန်း၊ ယောကုန်း၊ သင်တော၊ ဇော်ချောင်းအပါအဝင် ကျေးရွာ ၁၀ ရွာကျော်က ပြည်သူ ၁၀၀၀၀ ကျော် တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ ထန်းတောနဲ့ချောင်းသာကျေးရွာကို စစ်တပ်က ဗုံးကြဲခဲ့ရာ ပြည်သူ ၅ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
သတင်း – မောင်မှိုင်း