ပွင့်ဖြူ၊ နိုဝင်ဘာ ၁၆၊ ၂၀၂၆။
အယ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် အချိန်အခါမဟုတ်မိုးရွာသွန်းတဲ့အတွက် မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းမှာ မိုးစပါးစိုက်ဧက သောင်းချီပျက်စီးပြီး ပဲခူးတိုင်းအနောက်ခြမ်းက တောင်သူတွေလည်း အခက်ကြုံနေရတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။
ပွင့်ဖြူမြို့နယ်အတွင်းမှာ နိုဝင်ဘာ ၄ ရက်ကနေ နိုဝင်ဘာလ ၁၂ ရက်အထိ ၉ ရက်တိုင် မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းခါနီးစပါးခင်းတွေမှာ အပင်တွေလဲကုန်ပြီး ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
“စပါးခင်းတွေက အကုန်ပြားပြီး ရေတွေနစ်ကုန်ပြီ။ စပါးတွေက ရိတ်ခါနီးတွေ။ ရေထဲကနေကို ထုတ်မရသေးဘူး။ ရေက ဒူးဆစ်လောက်ကိုမြုပ်လို့။ အခုနှစ်ကတော့ စပါးကိုရဖို့ လမ်းမမြင်တော့ဘူး။ အညှောင့်တွေထွက်ကုန်ပြီ။ ရသလောက်တော့ ရဦးမှာပေါ့။ ရိတ်ရဦးမယ်။ စပါးတွေက အညှောင့်ထိုးကုန်ပြီး အကုန်လုံးလည်း ပြားပြီးတော့မှ ရေတွေမြုပ်ပြီး ရေတွေကအပေါ်က မိုးနေတော့တာလေ။ “လို့ ပွင့်ဖြူမြို့နယ်၊ ကျွဲခြံကျေးရွာ တောင်သူတဦးကပြောပါတယ်။
စပါးခင်းတွေရေနစ်မြုပ်တာကြောင့် စပါးတွေက သုံးပုံတပုံတောင် ပြန်ရဖို့မလွယ်ကူဘဲ ယခုနှစ်တောင်သူတွေအရှုံးပေါ်မယ့် နှစ်ဖြစ်သလို တောင်သူတွေအတွက်လည်း စားဝတ်နေရေးကြပ်တည်းလာနိုင်တယ်လို့ ဆိုပါတယ်။
“စားဝတ်နေရေးက ဘယ်လိုအဆင်ပြေတော့မှာတုန်း။ ကျနော်တို့ဘက်တွေက စစ်ရှောင်နေရတဲ့ နေရာတွေဆိုတော့။ ကျနော်တို့ဘက်က စစ်ဘေးရှောင်ရတဲ့နေရာတွေ အကူအညီလည်း မလာဘူး။ “လို့ အထက်ပါတောင်သူက ဆက်ပြောပါတယ်။
မိုးစပါးစိုက်ပျိုးရာသီတုန်းကလည်း သွင်းအားစုစရိတ်တွေ မြင့်တက်လာတာကြောင့် တဧက ၇ သိန်းကျော်အထိ ကုန်ကျစရိတ်ရှိခဲ့ပြီး ယခုလို စပါးခင်းတွေ ရေနစ်မြုပ်ပျက်စီးတာကြောင့် အရင်းပြန်ရဖို့တောင်မလွယ်ဘူးလို့ ဆိုကြပါတယ်။
လယ်မ၊ ကျွဲခြံ၊ ညောင်ဝိုင်း၊ အင်းကုန်း၊ ထူးပေါက်၊ ချင်းကုန်း၊ ဆီးတော၊ ကနီ၊ မဒဲ၊ မဒဲကုန်း၊ ရေပုတ်ကလေးရွာတွေ အပါအဝင် ကျေးရွာပေါင်း ၁၅ ရွာထက်မနည်းအနီးက လယ်ဧက သောင်းချီ ရေနစ်မြုပ်ပျက်စီးခဲ့ကြတာလို့ ဆိုပါတယ်။
ပွင့်ဖြူနယ်ဟာ စစ်တပ်က စစ်ကြောင်းထိုးနေတဲ့ ဒေသဖြစ်လို့ ဒေသခံတောင်သူတွေဟာ စစ်ဘေး ရှောင်နေရတဲ့ကြားကနေလယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ကိုင်နေကြရတာဖြစ်ပြီး စစ်ကြောင့် ဒေသတွင်းစားနပ်ရိက္ခာတွေလည်း စျေးနှုန်းကြီးမြင့်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဆန် ၂၄ ပြည်ပါ ဆန်တအိတ်ကို ကျပ် ၂၁၀.၀၀၀ အထိစျေးပေးဝယ်စားနေရပြီး မိုးဖျက်လို့ စပါးအထွက်နှုန်းကျဆင်းသွားနိုင်တာကြောင့် ဆန်စျေးနှုန်းတွေပိုမိုကြီးမြင့်လာနိုင်တယ်လို့ သိရပါတယ်။
ပွင့်ဖြူနယ်အတွင်းမှာ နှစ်စဥ် မိုးစပါးစိုက်ဧက ၇၀,၀၀၀ နီးပါး စိုက်ပျိုးကြကာ မနောသုခ၊ ဧရာမင်း၊ ဆင်းသုခ၊ ရတနာတိုးနဲ့ ပေါ်ဆန်းရင် စပါးမျိုးတွေကို အဓိကထားစိုက်ပျိုးကြတယ်လို့ သိရပါတယ်။
အလားတူ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ အချိန်ခါမဟုတ် မိုးရွာသွန်းတဲ့အတွက် ရိတ်သိမ်းခါနီးစပါးခင်းတွေနဲ့ ဆောင်းသီးနှံစိုက်ပျိုးဖို့စောင့်နေတဲ့တောင်သူတွေလည်း အခက်ကြုံနေရတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီ၊ ကြို့ပင်ကောက်၊ နတ်တလင်း၊ ပေါင်းတည်၊ သဲကုန်း၊ ပြည် နဲ့ ပန်းတောင်းစတဲ့မြို့နယ်တွေမှာ နိုဝင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေက ရွာတဲ့မိုးကြောင့် စပါးခင်းတွေနဲ့ ဆောင်းသီးနှံစိုက်ပျိုးမယ့်လယ်ကွင်းတွေထဲကို ရေတွေဝင်ရောက်နေတာလို့ ဆိုပါတယ်။
“လေရောမိုးရောရွာတယ် မိုးအရမ်းရွာတာမျိုးမဟုတ်ပဲ တစိမ့်စိမ့်နဲ့ တနေကုန်ရွာနေတာ မိုးရေကပါတယ် ရိတ်ခါနီးစပါးခင်းတွေလည်း ရေတွေနဲ့ ကန်သင်းလျှံတယ်။ ဆောင်းသီးနှံစိုက်ဖို့စောင့်နေတဲ့လယ်သမားတွေလည်း ဘာမှလုပ်မရတော့ဘူး”လို့ ဇီးကုန်းမြို့ခံတောင်သူတဦးက ပြောပါတယ်။
ရိတ်သိမ်းခါးနီးစပါးခင်းတွေထဲကို ရေတွေရှိနေတဲ့အတွက် ကောက်ရိတ်စက်တွေ ရိတ်သိမ်းရ ခက်ခဲမှာဖြစ်သလို စိုက်ပျိုးထားတဲ့ ဆောင်းသီးနှံဖြစ်တဲ့ မတ်ပဲနဲ့ ပဲတီစိမ်း စိုက်ခင်း အချို့လည်း ပျက်စီးမှုရှိနိုင်ပြီး ပန်းဂေါ်ဖီစိုက်ခင်းအချို့က ပန်းပွင့်ပုပ်တာတွေလည်း ရှိတယ်လို့ သူကဆက်ပြောပါတယ်။
“မတ်ပဲက နိုဝင်ဘာမှာအပြီးစိုက်နိုင်မှ ထွက်နှုန်းကောင်းနိုင်တာ အခုနှစ်က အယ်နီညိုကလည်း ဖြစ်နေတော့ အပူရှိန်လည်းပြင်းမယ် မြေအစိုဓါတ်လည်း အပြေးမြန်နိုင်တော့ အပင်ကြီးထွားနှုန်းတွေ ထွက်နှုန်းတွေပါ ကျဆင်းနိုင်တယ်” လို့ ပေါင်းတည်မြို့ခံတောင်သူတဦးက ပြောပါတယ်။
တည်းဖြတ် – M