⁨⁩ ⁨ကန့်ဘလူမှာ ပျူစောထီး ကာကင်းတိုက်ခိုက်ခံရ အလောင်းတွေနဲ့ လက်နက်အချို့ရရှိ

0 16
0 16

ကန့်ဘလူ၊ စက်တင်ဘာလ ၂၄၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပျဥ်းတော်ကျေးရွာအနီးရှိ ပျူစောထီးကာကင်း တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံးကာ လက်နက်အချို့သိမ်းဆည်းရမိခဲ့တယ်လို့ ကန့်ဘလူမြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။

စက်တင်ဘာလ ၂၄ ရက် ဒီကနေ့မနက် ၂ နာရီခန့်က အင်အား ၃၀ ခန့်နဲ့ ပျူစောထီးအဖွဲ့ ဂိတ်ချထားတဲ့ ပျဉ်းတော်ကျေးရွာမြောက်ပိုင်းက ကာကင်းကို ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“ပျဥ်းတော်ဂိတ်ကို တိုက်တာ။ တိုက်ပွဲဖြစ်ပွားချိန်က ၁၅ မိနစ်လောက်ပဲ ကြာတယ်။ အဲမှာက ပျုစောထီးတွေ များတယ်။ ကင်းစောင့်တာ။ အဲဒါက ဇီးကုန်းကာကင်း သဘောမျိုးလုပ်ထားတာ။ ထိခိုက်သေဆုံးရှိတော့ ရွာထဲဆုတ်ပြေးကုန်တာ”လို့ ကန့်ဘလူပကဖ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်တပ်နဲ့ ပျုစောထီး အဖွဲ့ဝင် ၇ ဦးသေဆုံးတယ်လို့ ကန့်ဘလူပကဖ တာဝန်ရှိသူက ဖြေဆိုထားပေမယ့် ဒေသတွင်းသတင်းဌာနတချို့မှာ ၂ ဦးသေဆုံးကြောင်း ဖေါ်ပြထားပြီး၊ သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်လို့ မြေလတ်အသံအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဆိုပါ တိုက်ပွဲအပြီးမှာ ကာဘိုင် ၅ လက်၊ ကျည် ၆၀ ကျော်၊ အီကွေမန့် ၃ စုံ၊ ဦးထုပ် ၂ လုံး၊ ကျည်ဘောက် ၄ ခုတို့ သိမ်းဆည်းရမိခဲ့ပြီး အသေးစိတ်ကိုတော့ သက်ဆိုင်ရာ အဖွဲ့တွေဘက်က သတင်းထုတ်ပြန်မှု ပြုလုပ်လိမ့်မယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်ဘက်က စစ်ကူပို့တာ၊ လေကြောင်းကနေ တိုက်ခိုက်တာမျိုးက နေ့လည် ၁၂ နာရီကျော်တဲ့အထိ မရှိသေးဘူးလို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲကို ကန့်ဘလူမြို့နယ် ပကဖနဲ့ လက်အောက်ခံတိုက်နယ်ပကဖ တွေပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ကန့်ဘလူမြို့နယ်ထဲက ပျဉ်းတော်ရွာအပါအဝင် ကြံခိုင်ရေးပါတီ ထောက်ခံတဲ့ ကျေးရွာအများစုဟာ သင်္ဃန်းဝတ် ဦးဝါသဝခေါင်းဆောင်တဲ့ ပျူစောထီး အားကောင်းတဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။