ပေါင်းတည်၊ စက်တင်ဘာ ၂၆၊ ၂ဝ၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်အရှေ့မြောက်ဘက်က ကျေးရွာတရွာမှာနေတဲ့ အမျိုးသားတဦးဟာ နေအိမ်မှာ သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ပေါင်းတည်မြို့နယ်၊ ကြာနီကန်နယ်မြေရဲကင်းအနီး ပျူစောထီးအများစုနေတဲ့ ထန်းတပင်အုပ်စု ပန်းသင်းပင်ရွာ အရှေ့ဘက် (၁) မိုင်ဝန်းကျင်ခန့်အကွာ စမ်းကြီးရွာ(ရွာအမည်မပေါက်) မှာနေတဲ့ အသက် (၃ဝ) နှစ်ကျော်ဝန်းကျင် ကိုနေမိုးအောင်ဟာစက်တင်ဘာ (၂၄) ရက်ညက သူရဲ့နေအိမ်မှာ သေနတ်နဲ့ပစ်သတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
“သူကတော့ ဘယ်အဖွဲ့အစည်းမှပါတယ်လို့တော့မကြားဘူး သူနေတဲ့အိမ် နေရာကတော့တောစပ်မှာ အိမ်ဆိုင်လည်းရောင်းတယ်။ အဖွဲ့အစည်းအစုံရောက်နိုင်တာပေါ့။ အလောင်းကိုတော့ သူတို့ရွာသားတွေပဲ သင်္ဂြိုဟ်တယ်လို့ကြားတယ် သိပ်ပြီးမစပ်စုရဲဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
ကိုနေမိုးအောင် သေနတ်နဲ့ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့ကမှ ယနေ့ စက်တင်ဘာ (၂၆) ရက် ဒီနေ့တိုင် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာ (၁၂) ရက်ကတော့ ကြာနီကန်အုပ်စုအတွင်းက စစ်မှုထမ်းဟောင်း ပေါင်တို(ခ)ကိုအေးနိုင်နဲ့ စစ်အုပ်စုဝင်တွေကို နေအိမ်အတွင်းဝင်ထွက်သွားလာခွင့်ပေးတဲ့ မိသင်းရဲ့ နေအိမ်တို့ကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့သလို ပျူစောထီးအများစုနေတဲ့ ပန်းသင်းပင်ရွာကိုလည်း ရှော့တိုက်ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့ကြပါသေးတယ်။
သတင်း – သော်တာအောင်၊ စာတည်း-စိုးဦး