⁨⁩ ⁨၃ တန်း ကျောင်းသူကို အဓမ္မကျင့်စဥ် ရွာသားတွေဝိုင်းဖမ်းထားတဲ့ တရားခံကို အုပ်ချုပ်ရေးမှူးက ကျေအေးလက်မှတ်ထိုးခိုင်းကာ လွှတ်ပေး

0 1
0 1

ယင်းမာပင်၊ နိုဝင်ဘာ ၁၆၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ – – ရွာက အသက် ၅၀ အရွယ် မျိုးသားတဦးက တရွာတည်းနေ တတိယတန်းကျောင်းသူကို အဓမ္မပြုကျင့်နေစဥ် ရွာသားတွေတွေ့ရှိပြီး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့ မနေ့က မနက်ပိုင်းက အသက် ၅၀ ခန့်အရွယ် ဦးအောင်ထွန်းဆိုသူ အမျိုးသားက တရွာတည်းနေ တတိယတန်းကျောင်းသူတဦးကို အဓမ္မကျူးလွန်ခဲ့တာလို့ ရွာခံတွေဆီက သိရပါတယ်။

ပြစ်မှုကျူးလွန်နေစဉ် ရွာသားတွေ မြင်တွေ့ခဲ့လို့ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားပြီး ဖမ်းဆီးနိုင်ခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးကိုယ်တိုင်က အမှုကို ကျေအေးပေးဖို့ နစ်နာသူရဲ့ မိဘတွေကို ဖိအားကာ ကျေအေးခိုင်းခဲ့တယ်လို့ ရွာခံအမျိုးသမီးတဦးက ဆိုပါတယ်။

“ရွာထဲက အကြီးပိုင်းတွေကကျ ကလေးရဲ့ရှေ့ရေးကိုကြည့်ပြီး အကျယ်အကျယ်မဖြစ်စေနဲ့၊ ဖြစ်ရင် ကလေးအနာဂတ်အတွက် မကောင်းဘူးဆိုပြီး ကလေးကိုပဲ ပုံချပြီးကျတော့ သူ(ရပ်ရွာဥက္ကဌ)က အဲ့လို လက်မှတ်ထိုးခိုင်းတာတဲ့။ ကျေအေးလက်မှတ်၊ စာချုပ်စာတမ်းတွေနဲ့ မဟုတ်ဘဲ ဒီတိုင်းပဲ လာလာ ဆိုပြီးကျတော့၊ စာချုပ်တခု လက်မှတ်ထိုးရမယ်ဆိုရင် စာကို ဖတ်ပြပြီးမှ ထိုးရတာလေ။ အဲဒီလိုလည်း စာကို ဖတ်ပြတာလည်း မဟုတ်ဘူး။ လာ လာ လက်မှတ်ထိုးဆိုပြီး ကလေးအမေကလည်း သွားပြီး လက်မှတ်ထိုးလိုက်တာတဲ့။ တခြားသူတွေလည်း ခေါ်တော့ရွာက အသိသက်သေ ၃ ယောက်လောက်ရှိတယ်တဲ့။ သူတို့ကကျ ဗြောင်စာရွက်ကြီးပေါ်ပဲ ဒီတိုင်းပဲ လက်မှတ်ထိုးခဲ့ရတာတဲ့။” လို့ ရွာခံအမျိုးသမီး တဦးက ပြောပါတယ်။

ကျူးလွန်သူဟာ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ရောက်လာချိန် ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး ညနေပိုင်းမှ လက်ရဖမ်းမိနိုင်ခဲ့ကာ NUG လက်အောက်ခံ ယင်းမာပင်မြို့နယ်၊ တိုက်နယ် ၂ – ပ ၃ လုံးအဖွဲ့တွေက ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ကျေအေးလက်မှတ် ထိုးစေခဲ့သူ အုပ်ချုပ်ရေးမှူးကိုတော့ ဖြစ်စဉ်နဲ့ပတ်သတ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့လ အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်၊ ရေကြည်ပင်ရွာက အသက် ၃၀ အရွယ် လူလွတ်အမျိုးသမီး ၁ ဦးဟာ ဆားလင်းကြီးမြို့နယ်၊ ရွာသာကျေးရွာက မိသားစုပိုင် ကွမ်းခြံထဲမှာ လည်ပင်း ညိုမည်းစွဲဒဏ်ရာအပြင် အမျိုးသမီးအင်္ဂါတဝိုက် သွေးများစွန်းပေကာ ယာဘက်ပါး အချွန်ထိုးသွင်းဒဏ်ရာတွေနဲ့ သတ်ဖြတ်ခံခဲ့ရပါသေးတယ်။

အဆိုပါ လူသတ်မှုကို အဓမ္မကျင့် သတ်ဖြတ်မှုလို့ ယူဆရပြီး NUG လက်အောက် တာဝန်ရှိသူတွေက သံသယတရားခံတွေကို ဖမ်းဆီးစစ်ဆေးနေပေမယ့် ဒီကနေ့အထိ တရားခံဖမ်းမိကြောင်း တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။