ပဲခူးအနောက်ခြမ်းမှာ မိသားစုဆီပြန်လာတဲ့ လူငယ်တဦးနဲ့ နိုင်/ကျဉ်းဟောင်းတဦးကို စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခံရ

0 1
0 1

ပဲခူး၊ စက်တင်ဘာ ၈၊ ၂ဝ၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့က နိုင်ငံရေးအကျဉ်းသားဟောင်းတဦးနဲ့ ပန်းတောင်းမြို့နယ်က မိသားစုဆီပြန်လာတဲ့ လူငယ်တဦးတို့ကို စစ်မှုထမ်းအဖြစ် အဓမ္မဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပေါင်းတည်မြို့က နိုင်ငံရေးအကျဉ်းသားဟောင်း အသက် ၂၅ နှစ်ဝန်းကျင် ကိုတူး(ခ)ကျော်အောင်ဇော်ကို လွန်ခဲ့တဲ့ ဩဂုတ်လနောက်ဆုံးပတ်အတွင်းက ရန်ကုန်-ပြည်လမ်း စိုက်ပျိုးရေးဌာန အထွက်တိုးစခန်းရှေ့မှာ ဒေသအခေါ် ပုဇဉ်း(လယ်ယာသုံးယာဉ်)ကားနဲ့ အလုပ်သွားနေချိန် ဖမ်းဆီးခံရတာဖြစ်ပြီး သူဟာ ပေါင်းတည်ထောင်ကနေ ပုဒ်မ ၅၂ (က)နဲ့ လွန်ခဲ့တဲ့ ၃ လကျော်လောက်ကမှ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာသူဖြစ်တယ်လို့ ဆိုပါတယ်။

နောက်တဦးဖြစ်တဲ့ မိသားစုဆီပြန်လာရင်း စစ်မှုထမ်းအဖြစ်ဖမ်းဆီးခံရသူမှာ ပန်းတောင်းမြို့နယ်၊ တုံကင်းအုပ်စု၊ တုံကင်းရွာမကြီးက အသက် ၃၂ နှစ်ဝန်းကျင် ကိုဇကောကြီး(ခ)ကိုခင်မောင်ဇော်ဖြစ်ပြီး စက်တင်ဘာလ ၅ ရက်နေ့က ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းအစပ် ဒေသအခေါ် ရှားဘိုဂိတ်မှာဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကိုတူး အလုပ်သွားနေတုန်း အဖမ်းခံရတာ၊ အုပ်ချုပ်ရေးမှူးရဲထွန်းနိုင်နဲ့ ပျူစောထီးအန္တရာယ်ကျော်ကြီးတို့က ဖုန်းဆက်ဖမ်းခိုင်းလို့ ရဲတွေကဖမ်းထားတာ တခါတည်း စစ်မှုထမ်းထဲထည့်လိုက်တယ်။ ကိုတူးမိန်းမဆီကိုလည်း အုပ်ကြီးက သိန်း ၁၆ဝ ပေးမှ ပြန်လွှတ်ပေးမယ်ဆိုပြီး ပြောသံတွေလည်း ကြားတယ်။ နိုင်ငံရေးမှုနဲ့ ထောင်ထွက်လာမှန်းသိလျက်နဲ့ တမင်ရွေးပြီးဖမ်းထည့်တာ၊ အခုတော့ သူ့(ကိုတူး)မိန်းမနဲ့ ဖုန်းအဆက်အသွယ်လည်း မရတော့ဘူးလို့ကြားတယ်” လို့ ဟင်္သာကန်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ရဲထွန်းနိုင်နဲ့ အန္တရာယ်ကျော်ကြီးတို့ စစ်မှုထမ်းဖမ်းဆီးမှုကြောင့် ရပ်ကွက်အတွင်းက ဆင်းရဲနွမ်းပါးတဲ့ လူငယ် ၁ဝ ဦးထက်မနည်း စစ်မှုထမ်းနေရပြီး တရားဝင် ၂ ဦးသေဆုံးကာ မိသားစုနဲ့အဆက်အသွယ်ပြတ်တောက်နေသူတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

အလားတူ ပန်းတောင်မြို့နယ် တုံကင်းအုပ်စု တုံကင်းရွာမကြီးက ကိုဇကောကြီးကို တုံကင်းအုပ်စု အုပ်ချုပ်ရေးမှူး ကိုတင်အောင်မိုးနဲ့ လက်ပံခုံရွာက ပျူစောထီး မျိုးခိုင်တို့ ပေါင်းပြီး စစ်မှုထမ်းအဖြစ်ဖမ်းဆီးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“တအုပ်စုလုံးလည်း စစ်မှုထမ်းကြေးပေးနေရတာ နှစ်ပေါက်နေပြီ။ အဲကောင်လေးက ရန်ကုန်က စားသောက်ဆိုင်မှာအလုပ်လုပ်နေရင်း မိသားစုဆီပြန်လာတာ။ ရန်ကုန်ကိုအပြန်မှာ အဖမ်းခံလိုက်ရတာ နောက်ထပ်ဖမ်းအုံးမယ်လို့လည်း ကြိမ်းထားသေးတယ်” လို့ တုံကင်းအုပ်စုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

တုံကင်းအုပ်စုမှာ စစ်မှုထမ်းကြေးလစဉ်ပေးနေရသလို စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တွေရဲ့ မိသားစုတွေကိုလည်း ယခင်ကျပ် ၅၀,၀၀၀ ကောက်ခံရာက အခုအခါ ကျပ် ၁ သိန်းဝန်းကျင်ထိတိုးကောက်ဖို့ စီစဉ်နေတယ်လို့လည်း ၎င်းကဆက်ပြောပါတယ်။

လက်ရှိတွင် စစ်ကော်မရှင်ဟာ အဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းအသစ်တွေနဲ့ ယခုလ စက်တင်ဘာ(၇) ရက်နေ့က စစ်မှုထမ်းအပတ်စဉ် ၂၈ သင်တန်းကို အုတ်တွင်းတပ်နယ်မှာ စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။