ပျော်ဘွယ်၊ ဩဂုတ် ၂၇၊ ၂၀၂၆။
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်အပိုင် အမြန်လမ်းမှာ သံဃာတော်မောင်းလာတဲ့ကား တိမ်းမှောက်လို့ သံဃာတပါးအပါအဝင် ၄ ဦးသေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ်လ ၂၆ ရက်နေ့ နေ့လည် ၂ နာရီကျော်ခန့်မှာ ရန်ကုန်ဘက်ကနေ မန္တလေးဘက်ကို မောင်းလာတဲ့ RLG နံပတ် Nissan X-TRAIL ယာဉ်ဟာ ကားလမ်းမိုင်တိုင်အမှတ် ၂၆၇/၅-၂၆၇/၆အကြားအရောက်မှာ တိမ်းမှောက်သွားခဲ့တာလို့ ဆိုပါတယ်။

“ဘီးပေါက်ပြီးတော့ လမ်းလယ်အုတ်ခုံကိုဝင်တိုက်တာပါ။ ရန်ကုန်ကနေ ကျောက်ပန်းတောင်းဘက်ကိုသွားမှာလို့ သိရတယ်။ မောင်းတာကလည်း သံဃာတော်မောင်းလာတာပါ။” လို့ ဒေသခံတဦးက ပြောပါတယ်။
ယာဥ်တိမ်းမှောက်မှုအတွင်း ကျောက်ပန်းတောင်း၊ ရွာတန်းရှည် ကျေးရွာနေသူတွေဖြစ်တဲ့ ယာဥ်ပေါ်ပါ သက်တော် ၅၀ အရွယ် ဆရာတော်ဦးသောဘိတအပါအဝင် အသက် ၄၀ ကနေ ၅၀ ကြားရှိ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် သက်တော် ၂၀ အရွယ် သံဃာတပါးနဲ့ အသက် ၈၄ နှစ်အရွယ် ၄၀ ကျော်အရွယ် အမျိုးသမီး ၂ ဦးလည်း ဒဏ်ရာရကာ ကားလည်းပျက်စီးသွားတယ်လို့ သိရပါတယ်။
ထိခိုက်သေဆုံးသူတွေကိုတော့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံလူမှုကူညီရေးအသင်းတွေကကူညီကယ်ဆယ်ပြီး မိတ္ထီလာပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
မေလ ၂၅ ရက်နေ့ကလည်း တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ရှေ့ဘီးပေါက်ပြီး ယာဥ်တိမ်းမှောက်တာကြောင့် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။