ညောင်လေးပင်၊ စက်တင်ဘာ ၅၊ ၂၀၂၆။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ အောင်းကြီးကျေးရွာနဲ့ ပြွန်တန်ဆာမြို့သွားလမ်းပေါ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးဆိုသူတို့ ပစ်ခတ်ခံရပြီး သေဆုံးနိုင်တယ်လို့ 9 star UG အဖွဲ့ဆီက သိရပါတယ်။
ပစ်ခတ်ခံရသူတွေဟာ ရေတွင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး အသက် ၆၅ နှစ်အရွယ် ဦးစိုးဌေး၊ တပည့်ဖြစ်သူ အောင်းကြီးကျေးရွာနေသူ ရာအိမ်မှူး ပျူစောထီးခေါင်းဆောင် အသက် ၃၀ အရွယ် ကိုကျော် (ခ) အောင်ကျော်မျိုးတို့ဖြစ်ပြီး စက်တင်ဘာ ၄ ရက် နေ့လယ် ၁ နာရီကျော်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ဆိုင်ကယ် နဲ့ မြို့ပေါ်အတတ်ကို နောက်က လိုက်ပစ်တာ။ ဘာကိစ္စ နဲ့ မြို့ပေါ်တတ်တယ်ဆိုတာတော့ မသိဘူး။ ဆိုင်ကယ်က နှစ်ယောက်တစီး စီးပြီးလာတဲ့အချိန် လိုက်ပစ်တော့ ဆိုင်ကယ်လဲသွားတဲ့အချိန် အုပ်ကြီးကိုက ကျောထဲလေးချက် ခြေနှစ်ချောင်းလုံး နှစ်ချက်။ ရာအိမ်မှူးကိုက သုံးချက် ရင်ဘတ်ထဲပဲ ပစ်ထည့်တာ လဲနေလို့ သေပြီဆိုပြီး ထားခဲ့တာ”လို့ 9 star UG အဖွဲ့တာဝန်ရှိသူကပြောပါတယ်။
သေနတ်နဲ့အနီးကပ်ပစ်ခဲ့တာကြောင့် အုပ်ချုပ်ရေးမှုးနဲ့ရာအိမ်မှူးဟာ အဆိုပါနေရာမှာပင် ကျည်ထိဒဏ်ရာတွေနဲ့ ငြိမ်သက်သွားပြီး လမ်းသွားလမ်းလာများတဲ့လမ်းပိုင်းဖြစ်လို့ မည်သည့်ပစ္စည်းမှ မယူလာနိုင်ဘဲ အမြန်ပြန်ထွက်လာရတယ်လို့ ဆိုပါတယ်။
ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူးကိုတော့ ဒေသခံတွေက ပဲခူးဆေးရုံအထိ သယ်ဆောင်သွားတယ်လို့ သတင်းရထားပြီး သေဆုံးနိုင်ခြေများတယ်လို့ ဆိုပါတယ်။
အုပ်ကြီး စိုးဋ္ဌေးဟာ ရွှေကျင်မြို့နယ်၊ ဒုံစရစ် ခမရ ၅၈၉ တပ်တွင်းသို့ ဆန်၊ ရိက္ခာ၊ ဓာတ်ဆီတို့ကို တာဝန်ယူပို့ဆောင်ပေးခြင်း၊ ကျေးရွာအတွင်း စစ်တပ် အထိုင်ချနေထိုင်နိုင်ရန် စီစဥ်ဆောင်ရွက်ပေးတာ၊ ကျေးရွာနေပြည်သူများအပေါ် စစ်မှုထမ်းကြေး လစဥ်ကောက်ခံတဲ့အပြင် ဒေသအတွင်းပေါ်တာဆွဲကာ ဖမ်းမိပြည်သူတွေကို ငွေနဲ့ပြန်ရွေးယူခိုင်းတာတွေလုပ်တဲ့အပြင် ပျူ ခေါင်းဆောင် ကိုမျိုး(ခ)အောင်ကျော်မျိုးကလည်း ပြည်သူတွေအပေါ် ရိုက်နှက်နှိပ်စက်တာ၊ အနိုင်ကျင့် စော်ကားတာ၊ WY ဆေးပြားတွေရောင်းဝယ်ရာမှာ လိုင်းကြေးယူပြီး ကာကွယ်ပေးနေတာတွေကြောင့် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီ ၁၂ ရက်ကလည်း ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး လှသောင်းဟာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့သေးတယ်လို့သိရပါတယ်။