ဘုတလင်၊ အောက်တိုဘာ ၂၁၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲချခဲ့လို့ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ် ၄ ဦးအပါအဝင် ၆ ဦးသေဆုံးတယ်လို့ မုံရွာခရိုင်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။
အောက်တိုဘာလ ၂၀ ရက်နေ့ နေ့လယ် ၂ နာရီခွဲခန့်က မုံရွာ(နမခ)ကနေ တက်လာတဲ့ စက်တပ်လေထီးက ကျေးရွာထဲကို ဗုံးတလုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။
“ဗုံးက ပြည်သူနေအိမ်ပေါ် တည့်တည့်ကျတာ။ တိုက်ပွဲမရှိဘဲနဲ့ ထုံးစံအတိုင်း ပြည်သူနေအိမ်တွေကို ကြဲချတာပေါ့။ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေ သေဆုံးတာများတယ်”လို့ မုံရွာခရိုင်ပကဖ တာဝန်ရှိသူက ပြောပါတယ်။



ဗုံးထိမှန်တာကြောင့် ၁၃ နှစ်၊ ၁၅ နှစ်၊ ၁၇ နှစ်မိန်းခလေး ၃ ဦးနဲ့ ၄၁ နှစ်အရွယ် မိခင်ဖြစ်သူ သားအမိ ၄ ဦးအပါအဝင် ၁၇ နှစ်နဲ့ ၂၂ အရွယ် ညီအစ်မ ၂ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပြီး နောက်ထပ် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီး ၁ ဦးလည်း ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ဗုံးကြဲခံရပြီးနောက် နောက်ထပ်ဗုံးလာကြဲမှာကို စိုးရိမ်ပြီး ကျေးရွာကနေ တိမ်းရှောင်သွားသူတွေလည်းရှိပြီး အချို့ကျတော့ ကျေးရွာထဲမှာပဲ ဆက်လက်နေထိုင်နေကြသူတွေလည်း ရှိကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကန်ပေါက်ကျေးရွာမှာ စစ်တပ်ရဲ့ အသေခံဒရုန်းကြောင့် အမျိုးသား ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။