ပေါက်၊ အောက်တိုဘာ ၂၁၊ ၂၀၂၆။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တောင်ပိုင်းတနေရာမှာ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၁၃ ဦး လက်နက်တွေနဲ့ အတူထွက်ပြေးသွားတယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
အောက်တိုဘာလ ၂၁ ရက်နေ့မနက်အစောပိုင်းမှာ ပေါက်မြို့နယ်တောင်ပိုင်းတနေရာမှာ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၁၃ ဦးကို အချုပ်တာဝန်ကျ တပ်ဖွဲ့ဝင်တဦးဖြစ်သူ ဖိုးသားဆိုသူမှ ခေါ်ထုတ်သွားတယ်လို့ ဆိုပါတယ်။
စစ်သုံးပန်းတွေကို ခေါ်ထုတ်စဥ် တာဝန်ကျ တပ်ဖွဲ့ဝင် ၃ ဦးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးသွားသလို အဆိုပါ တပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်တဲ့ သေနတ် ၄ လက်၊ ကျည် ၂၀၀ ကိုလည်း ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
“ဖိုးသားဆိုသူက သစ္စာဖောက်ပြီး စစ်သုံ့ပန်းတွေကို ခေါ်ထုတ်သွားတာ။ ရဲဘော် ၃ ဦးလည်း ဓားစာခံအဖြစ် ဖမ်းသွားတယ်။ ရဲဘော်တွေရဲ့ သေနတ်တွေလည်း ယူသွားတယ်။ ဒေသတာဝန်ရှိသူတွေကတော့ လိုက်ရှာနေတယ်”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
ထွက်ပြေးသွားတဲ့ စစ်သုံးပန်းတွေဟာ ပြီးခဲ့တဲ့ ဇွန်လလောက်အတွင်းက ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့သိမ်းတိုက်ပွဲကနေ ဖမ်းလာတဲ့ စစ်တပ်နဲ့ ရဲအဖွဲ့ဝင်တွေဖြစ်တယ်လို့ သိရပါတယ်။
စစ်သုံးပန်းတွေ ထွက်ပြေးသွားတာမှန်ကန်ပြီး ပြန်လည်တွေ့ရှိဖို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီး လိုက်လံရှာဖွေနေတယ်လို့ နောက်ထပ်ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ထပ်မံအတည်ပြုပါတယ်။
နေ့လယ်ပိုင်းမှာတော့ ပေါက်မြို့နယ်တနေရာမှာ ထွက်ပြေးစစ်သုံးပန်းအဖွဲ့တွေ ဓားခံခေါ်သွားတဲ့ ရဲဘော် ၃ ဦးကိုတော့ ကြိုးတုပ်ကာ အသက်ရှင်လျက်ပြန်တွေ့ရပြီး ထွက်ပြေးသွားသူတွေကို ဖမ်းမိနိုင်ဖို့ လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။