ပဲခူး၊ စက်တင်ဘာ ၅၊ ၂၀၂၆။
ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဥဿာမြို့သစ် (၇) ရပ်ကွက်၊ နယ်မြေ (၁၃)၊ ကွက်သစ် (၅) မှာ ရေဆင်းကူးတဲ့အမျိုးသား ရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းဝင်တွေဆီက သိရပါတယ်။
ရေနစ်သေဆုံးသူဟာ အသက် ၃၂ နှစ်အရွယ် ဇင်ဘိုဘိုထွန်းဆိုသူဖြစ်ပြီး စက်တင်ဘာ ၄ ရက် ညနေ ၅ နာရီမှာ ကွက်သစ်နေ မိဘနေအိမ်ကို ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်ပါတဲ့ စားသောက်စရာတွေကို သွားပေးပြီးအပြန် နေအိမ်အနီးရေမြောင်းအတွင်း ရေဆင်းကူးရာမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“နေအိမ်နားမှာတင် ၆ ပေ × ၈ ပေ မြောင်းရှိတယ်။ ချက်ချင်းအလောင်းပြန်ရတယ်။ သူတို့ နေရာက ရပ်ကွက်ကြီး ၇ ဆိုတော့ ရေကြီးတဲ့ အပိုင်းထဲလည်း ပါတယ်။ ရေကတော့ ဒီနေ့က ၃ လက်မလောက်ပဲ ကျသေးတယ်။ “လို့ မြို့ခံ လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

ရေနစ်သေဆုံးသူရဲ့အလောင်းကိုတော့ မြို့ခံလူမှုကူညီရေးအသင်းတွေက ပဲခူးဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး စစ်ဆေးမှုပြုလုပ်ပြီးနောက် နေအိမ်ကို ပြန်သယ်လာပြီလို့ သိရပါတယ်။
စက်တင်ဘာ ၂ ရက်ကလည်း မဇင်းရပ်ကွက်၊ မဇင် ၁ လမ်းမှာ ရေကြီးနေစဥ် နေအိမ်ခြံဝင်းအတွင်း ရေဆင်းခပ်တဲ့ အမျိုးသား ၁ ဦးရေနစ်သေဆုံးခဲ့ပါသေးတယ်။
မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှု ဦးစီးဌာနရဲ့ စက်တင်ဘာ ၅ ရက်မနက် ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေဟာရဲ့ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာ အထက် ၉၁၇ စင်တီမီတာ အထိရှိနေသေးပြီး ရေကြီးလို့တိမ်းရှောင်နေရတဲ့ ပြည်သူ ၁,၀၀၀ ကျော်ဟာလည်း နေအိမ်တွေကို မပြန်ရသေးဘူးလို့ သိရပါတယ်။