မြစ်ခြေ BPI တပ်ကို PDF တွေဝင်တိုက်ပြီး နှစ်ဖက်သေဆုံးမှုရှိ

0 5
0 5

■ တိုက်ပွဲအတွင်း အရပ်သား ၄ ဦးပါသေဆုံး

ပခုက္ကူ၊ စက်တင်ဘာ ၅၊ ၂၀၂၆။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အနောက်ဘက်ရှိ အမှတ်(၁)တိရစ္ဆာန်မွေးမြူရေးနှင့်လေ့ကျင့်ရေးတပ် ဒေသအခေါ် BPI တပ်ကို PDF ပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ရာမှ နှစ်ဖက်သေဆုံးမှုရှိခဲ့တဲ့အပြင် ပြည်သူ ၄ ဦးပါသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

စက်တင်ဘာ ၄ ရက်မနက် ၄ နာရီခန့်မှာ အင်အား ၆၀ ကျော်နဲ့တပ်စွဲထားတဲ့ BPI တပ်ကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာမှာ နှစ်ဖက်တိုက်ပွဲ ၄ နာရီနီးပါးဖြစ်ခဲ့ချိန် စစ်တပ်က Mi 35၊ စက်တပ်လေထီးတွေနဲ့ တိုက်ပွဲဧရိယာအတွင်းအပါအဝင် အိုင်ကြီး၊ ပေါက်တောကျေးရွာတွေကိုလည်း ဗုံးကြဲ၊ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“BPI တပ်ကို ဝင်တိုက်တဲ့အချိန်မှာ သူတို့(စစ်တပ်)ဘက်က ထိခိုက်မှုများပြီးတော့မှာ လေယာဥ်နဲ့ ညောင်ဦးဘက်ကနေ လာပစ်တာ။ ဒုတိယအကြိမ်မှာ ဂျိုင်ရိုနဲ့လာပစ်တာ။ ရွာတွေထဲလည်းပစ်ခံလို့ ပြည်သူသေတာလည်းရှိတယ်။”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ပုံစာ – အိုင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု အခြေအနေ။

တိုက်ပွဲအတွင်း PDF ပူးပေါင်းတပ်တွေဘက်က ၃ ဦးသေဆုံးပြီး ထိခိုက်သူတွေလည်းရှိသလို လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်ကြီးကျေးရွာနဲ့ပေါက်တောကျေးရွာက အသက် ၄၀ ကနေ ၅၀ ကြား ဝန်းကျင်အရွယ် အမျိုးသား ၂ ဦးနဲ့အမျိုးသမီး ၂ ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ဘက်ကလည်း ထိခိုက်သေဆုံးများနိုင်ပြီး အရေအတွက်ကိုတော့ လတ်တလောအတည်မပြုနိုင်သေးဘဲ ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ ပြည်သူတွေရဲ့ အလောင်းတွေကိုတော့ စက်တင်ဘာ ၄ ရက် ညနေပိုင်းမှ ကောက်ယူပြီး သင်္ဂြိုဟ်လိုက်ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် အိုင်ကြီး၊ ပေါက်တော၊ သိမ်တော်ကျေးရွာအပါအဝင် ကျေးရွာ ၆ ရွာက ပြည်သူ ၄,၀၀၀ ကျော် ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၀ ရက်ကနေ ဇွန်လ ၂ ရက်အထိ ပခုက္ကူနဲ့ ပုဂံ-ညောင်ဦးက လာတဲ့ စစ်တပ်စစ်ကြောင်းတွေက မြစ်ခြေမြို့ကိုစီးနင်းပြီးနောက် ဒေသခံပြည်သူ ၄၀ ခန့်ကို သတ်ဖြတ်ခဲ့သလို မြစ်ခြေစျေးကြီး အပါအဝင် အိမ်ခြေ ၁၀၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။