ပုပ္ပါးမှာ ရွာသားတစ်ဦးဆီက ရွှေသုံးကျပ်သားနဲ့ ငွေ(၁၁) သိန်းကို စစ်တပ်က လုယူ

0 19
0 19

◾️ စစ်ကြောင်းထိုး ရွာတွေမီးရှို့ပြီး ပြည်သူပိုင်တန်ဖိုးရှိ ပစ္စည်းတွေကိုယူနေ

ကျောက်ပန်းတောင်း၊ စက်တင်ဘာ ၄၊ ၂ဝ၂၆။

မန္တလေးတိုင်း၊ ကျောက်ပန်းကောင်းမြို့နယ်က ပုပ္ပါးတောင်ခြေရင်းကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးမီးရှို့တာတွေ ပြုလုပ်နေပြီး ဒေသခံရွာသားတစ်ဦးရဲ့ ရွှေတွေနဲ့ ငွေတွေကို အဓမ္မလုယူသွားတယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးနေတဲ့စစ်တပ်က စက်တင်ဘာလ၂ ရက်မွန်းလွဲပိုင်းက ချိုင်းရွာက ပြည်သူ့နေအိမ် ၇ လုံးကို မီးရှို့ခဲ့သလို တောင်ပေါ်(တောင်)ရွာသားတယောက်ဆီက ရွှေ ၃ ကျပ်သား၊ ငွေ ၁၁ သိန်း ကို အဓမ္မယူသွားတယ်လို့မလှိုင်မြို့နယ် အခြေစိုက်လူထုသတင်းကွန်ယက် ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါ့အပြင် ငရန့်ကုန်းရွာက နေအိမ် ၁၅ လုံးလောက်က အဖိုးတန်ပစ္စည်းတွေကိုလည်း ခိုးယူတာတွေပြုလုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ စက်တင်ဘာ ၃ ရက်နေ့မှာတော့ ညအိပ်တဲ့တောင်ပေါ်(တောင်)ရွာက ဒေသခံတွေရဲ့ ကားတွေကို ချောဆွဲကာ ညနေပိုင်းမှာ ဆင်ဇင်းရွာကို ရောက်ရှိညအိပ်ပြီး ယနေ့ စက်တင်ဘာ(၄) ရက်မနက်မှာ မီးရှို့တာလို့ ဆိုပါတယ်။

“လက်ရှိတော့ မီးလောင်ပျက်စီးတဲ့ နေအိမ်အရေအတွက်တော့ မသိရသေးပါဘူး” လို့ လူထုသတင်းကွန်ယက်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီစစ်ကြောင်းမှာ ကျောက်ပန်းတောင်းအခြေစိုက် ခမရ ၇၈ က စစ်သားတွေအပါ အင်အား ၃ဝဝ ဝန်းကျင်ရှိပြီး တောင်သာမြို့နယ် ဝဲလောင်တိုက်နယ်ဘက်ကနေ စက်တင်ဘာ ၁ ရက်နေ့မှာတော့ ပုပ္ပါးတောင်ခြေရင်းဝန်းကျင်ရှိ ကျောက်တံခါး၊ စိတ္ထိန်း၊ ချိုင်း၊ ငရန့်ကုန်း နဲ့ တောင်ပေါ်တောင်ရွာ စတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတာလို့ ပြောပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။