◾️တောင်းတဲ့ပိုက်ဆံမပေးလို့ အမျိုးသမီးတဦးကို ရိုက်နှက်လို့ ပြင်းထန်ဒဏ်ရာရ
ကျောက်ပန်းတောင်း၊ ဩဂုတ် ၁၇၊ ၂၀၂၆။
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်အရှေ့ဘက်က ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းက နေ့စဉ်ဆိုသလို မီးရှို့ကာ ပြည်သူတွေရဲ့ ပစ္စည်းတွေကို သိမ်းယူနေပြီး၊ အမျိုးသမီးတဦးကိုလည်း ရိုက်နှက်ခဲ့တဲ့အတွက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွာစဉ်ပတ် မီးလိုက်ရှို့နေ့တဲ့ စစ်ကြောင်းဟာ ဒီဒုတ်ကုန်းရွာမှာ ညအိပ်ရပ်နားခဲ့ပြီး သြဂုတ် ၁၆ ရက် မနေ့ မနက်ပိုင်းမှာတော့ အဲ့ဒီကနေ ၁ မိုင်ခန့်ဝေးတဲ့ လေးပင်ရွာကို ဝင်ရောက်ကာ အဲဒီကမှတဆင့် ဒေသအခေါ် ဖလံကျင်းတောတိုက် (လယ်တော) ထဲက နေအိမ် ၃ လုံးနဲ့ ကမ္ဘားတဲရွာက နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ပြောပါတယ်။

အဆိုပါစစ်ကြောင်း လေးပင်ရွာကို ဝင်လာချိန်မှာတော့ ရွာကျောင်းဆရာတော်က တောင်းပန်ခဲ့တဲ့အတွက် နေအိမ်တွေကို မီးမရှို့ပေမယ့် လိုက်ထရပ်ကား ၁ စီး၊ ငွေကျပ် ၄ သိန်း၊ ဖုန်း ၁ လုံးနဲ့ အခြားအဖိုးတန် ပစ္စည်းတွေကို သိမ်းယူသွားတယ်လို့ ဆိုပါတယ်။
“ဘုန်းကြီးက အိမ်တွေကို မီးမရှို့ဖို့တားတာ စစ်သားက မီးမရှို့လို့မရဘူးဆိုပြီး ပြောတာ၊ နောက်ဆုံးမှ မီးမရှို့ပဲနဲ့ ရွာထဲက ပစ္စည်းတွေကိုယူသွားတာ။ မီးဖွားထားတဲ့ အမျိုးသမီးဆီက ပိုက်ဆံ သုံးသိန်းကိုလည်း ယူသွားတယ်။ မီးဖွားသူကို ကူလုပ်ပေးနေတဲ့ အမျိုးသမီးငယ်လေးကိုလည်း ငွေတောင်းတာကို ပေးတာနည်းလို့ဆိုပြီး ရိုက်လို့ခြောက်ချက် ချုပ်လိုက်ရတယ်။ အမျိုးသမီး ၂ ဦးဆီက ငွေ ၄ သိန်းရယ် ဖုန်း ၁ လုံးရယ် ယူသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းက ကမ္ဘားတဲ(မြောက်)နဲ့ တောင်ရွာက နေအိမ်တွေကိုမီးရှို့ခဲ့တယ်လို့ ကြားရပေမယ့် တရွာလုံးရဲ့ပျက်ဆီးတဲ့ နေအိမ်အရေအတွက်ကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး၊ စစ်သားနဲ့ ရဲ အင်အား ၇၀၀ ခန့်နဲ့ လှည့်လည်နေတဲ့ အဲ့ဒီစစ်ကြောင်းထဲကို လိုက်ပါလာသူတွေဟာ ဆိုင်ကယ်တွေ၊ ကားတွေအပြင် ခြေလျှင်လိုက်ပါသူတွေနဲ့အတူ ကူလည်ရွာက နေအိမ် ၁ လုံးနဲ့ ချောင်းခြားရွာက နေအိမ် ၂ လုံးကို လွန်ခဲ့တဲ့ ၂ ရက်က မီးရှို့ခဲ့ ပါတယ်။


ပြီးခဲ့တဲ့ဩဂုတ် ၁၄ ရက်နေ့ကလည်း သုံးအိမ်ကုန်းရွာက နေအိမ် ၁၇ လုံးခန့်နဲ့ သီးကုန်းရွာက နေအိမ် ၃၀ လာက်အပြင် ဒီးဒုတ်ကုန်းရွာက နေအိမ် ၁၆ လုံး၊ နွားစာတိုက်နဲ့ လယ်ယာသုံးပစ္စည်းတွေကိုလည်း မီးရှို့ဖျက်စီးခဲ့သလို သယ်ယူလို့ လွယ်ကူမယ့် လယ်ယာသုံးပစ္စည်းတွေနဲ့ အခြားအဖိုးတန် ပစ္စည်းတွေကိုလည်းသိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတော့ စစ်ကြောင်းဟာ ကမ္ဘားတဲရွာကနေ သရက်ချိုကုန်းရွာကို ဝင်ရောက်ကာ လက်နက်ကြီး/ငယ်တွေနဲ့ပစ်ခတ်ပြီး၊ တောင်သာမြို့နယ် စွန်းလွန်းရွာဘက်ကနေ၊ မလှိုင်မြို့နယ်၊ တောင်ရိုးတဲရွာဘက်ကို ထွက်ခွါသွားတယ်လို့ မလှိုင်အခြေစိုက် လူထုသတင်းကွန်ယက်ရဲ့ တာဝန်ရှိသူတဦးဆီက သိရပါတယ်။



သတင်း – သော်တာအောင်