ကနီ၊ ဇူလိုင် ၃၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က စစ်ဘေးရှောင် ၃၀၀၀ ခန့်အတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေတဲ့ ဒေသခံတဦးဆီက သိရပါတယ်။
စစ်ကော်မရှင်တပ်က ကနီမြို့နယ်ကို ဧပြီလ ၂၃ ရက်ကစလို့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ချောင်းမရွာနဲ့ ဇီးပင်တွင်းရွာတွေမှာ ဒီနေ့အထိ အင်အား ၂၀၀ ကျော်နဲ့ တပ်စွဲထားတယ်လို့ သိရပါတယ်။

၂ လကျော်ကြာ စစ်ဘေးရှောင်နေရတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေအတွက် ဆန်၊ ဆီ၊ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အခုစစ်ရှောင်လာရတဲ့ ကာလက ၂ လကျော်လာပြီ၊ ၂ လကျော် ကြာလာတဲ့အချိန်မှာ ဒီလုပ်လက်စ အလုပ်တွေ ပစ်ထားခဲ့ရတယ်။ သီးနှံတွေလည်း စိုက်ပျိုးထားရတာ မရှိဘူးလေ။ မိုးကာ၊ ပဲ၊ ဆီ၊ ဆန် အဲဒါတွေကလည်း အိတ်လိုက်တွေ၊ ပိဿာလိုက်တွေ မဟုတ်ဘူးလေ၊ ရေသန့်ဘူး ၁ ဘူးတို့ ဆန် ၄ ပြည် အဲလိုမျိုးလေးတွေ လုပ်ပေးရတာဆိုတော့ နည်းနည်းတော့ အထောက်အကူ ဖြစ်တာပေါ့၊ ဒါတောင်မှ စစ်ရှောင်တွေ အကုန်မဟုတ်ဘူး။” လို့ စစ်ရှောင်ကူညီပေးနေသူတဦးက ပြောပါတယ်။

အနီးအနားရွာတွေက နီးစပ်ရာအိမ်တွေမှာ နေကြရတာကြောင့် အချိန်ကြာလာပြီး စားဝတ်နေရေး ခက်ခဲတာတွေ၊ မိုးရာသီဖြစ်တာကြောင့် တောထဲမှာ နေရသူတွေအတွက် အမိုးအကာလိုအပ်တာတွေ ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။
“သူများအိမ်မှာ ကပ်နေရတာတွေ ရှိတယ်။ တိရစ္ဆာန်တွေပါတဲ့ လူတွေကကျ တောတွေထဲမှာ နေရတာတွေ ရှိတယ်။ တောတွေထဲမှာ နေရတဲ့လူတွေဆိုရင် ရေအခက်အခဲဖြစ်တယ်။ မီးအခက်အခဲဖြစ်တယ်။ နွားစာတွေ အခက်အခဲဖြစ်တယ်။ လူစာတွေ အခက်ဖြစ်တယ်။ကျန်းမာရေးတွေ ချို့ယွင်းကြတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။


ဒါ့အပြင် ကနီမြို့နယ်ကိုဖြတ်ပြီး မုံရွာ-ယာကြီး-ကလေးဝ လမ်းအတိုင်း ထိုးလာတဲ့စစ်ကြောင်းက မင်းကင်းမြို့နယ်၊ မြင်ဦးရွာကို ရောက်ရှိနေပြီး ဇွန်လ ၁၉ ရက်နေ့မှာ ကနီမြို့နယ် လာပို့ရွာက အသက် ၆၃ နှစ် အရွယ် ဦးဝင်းနိုင်နဲ့ စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ ၃၆ နှစ်အရွယ် ကိုဖြိုးသူတို့ကိုလည်း သတ်ဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။