⁨⁩ ⁨ကန့်ဘလူမှာ စစ်တပ်က အင်အားထောင်နဲ့ချီ ထိုးစစ်ဆင်နေသော်လည်း ၄၀ ကျော်သေကာ စစ်ရေးပြင်းထန်နေဆဲ

0 1
0 1

ကန့်ဘလူ၊ နိုဝင်ဘာ ၂၃၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အင်အား ၁၀၀၀ ခန့်နဲ့ ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းက ၄၀ ကျော်သေဆုံးထားပြီး စစ်ရေးဆက်လက်ပြင်းထန်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

နိုဝင်ဘာလ ၁၆ ရက်​နေ့ကစတင်ပြီး ကောလင်းဘက်ကနေ စစ်ကြောင်း ၃ ကြောင်းမှာ အင်အား ၁၀၀၀ ခန့်နဲ့ ကန့်ဘလူနယ်ကို ဝင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ကန့်ဘလူမြို့၊ ထန်းကုန်းနဲ့ ဆယ်တစ်ပေါက်ရွာတွေကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

“တိုက်ပွဲတွေက ပြင်းပြင်းထန်ထန်ဖြစ်တာထက် ရွာတရွာဝင်လိုက် တနာရီ၊ နာရီဝက်လောက်တိုက်ပွဲဖြစ်လိုက် အပေါ်က လေကြောင်းလာတော့ ဆုတ်ပေးလိုက်နဲ့ ဖြစ်နေတာ။ ရွာတိုင်းနီးပါးလောက်မှာ တိုက်ပွဲဖြစ်ထားတယ်။ အကြိမ်ရေကတော့ များတယ်။ သူတို့တရွာဝင်ပြီး နောက်တရွာကူးမယ်ဆို ရွှေပွိုင့်တွေနဲ့ တိုက်ပွဲဖြစ်တာပဲ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကြောင်းထိုးတိုက်ပွဲဖြစ်နေတဲ့ ကာလအတွင်းမှာ စစ်ကောင်စီဘက်က ၄၀ ကျော်သေဆုံးထားပြီး ဒဏ်ရာကသူတွေလည်း များပြားသလို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ထိခိုက်သေဆုံးသူ ၁၀ ဦးကျော်ခန့်အထိ ရှိနိုင်တယ်လို့ဆိုပြီး အသေးစိတ်ကိုတော့ သက်ဆိုင်ရာတပ်တွေဘက်က ထုတ်ပြန်မှ သိနိုင်မယ်လို့ ဆို​ပါတယ်။

စစ်ကြောင်းထိုးလာတဲ့ ကာလအတွင်း ကိုးတောင်ဘိုရွာက တော်လှန်ရေးအဖွဲ့တွေရဲ့ အထိုင်စခန်းတခုကျထားပြီး ကျန်လမ်းကင်းဂိတ်အချို့လည်း နောက်ဆုတ်ပေးထားရမှုရှိတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းဝင်ရာလမ်းမှာ ဇော်ချောင်းနဲ့ သင်တောရွာတွေကို မီးရှို့ခံခဲ့ရပြီး စစ်ကြောင်းဝင်ခဲ့တဲ့ ရွာတိုင်းက ဒေသခံတွေ ပိုင်ဆိုင်တဲ့ ရွှေငွေ၊ စားနပ်ရိက္ခာတွေအပြင် ဆိုင်ကယ်၊ အိမ်သုံးပရိဘောဂတွေပါ ယူဆောင်သွားကြတယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုး တိုက်ပွဲကြောင့် ကောလင်းနဲ့ ကန့်ဘလူမြို့ကြား ကိုးတောင်ဘို-ချပ်သင်းလမ်းပိုင်းဘေးရှိ ကိုးတောင်ဘို၊ ကိုင်းမ၊ မိဿလင်ကုန်း၊ ယောကုန်း၊ သင်တော၊ ဇော်ချောင်း၊ ထန်းကုန်း၊ ဘော၊ အေးသာယာ၊ ချပ်ကြီး၊ ချပ်သင်း၊ လှည်းဘွဲ၊ ဆယ်တစ်ပေါက်ရွာအပါအဝင် ကျေးရွာ ၂၀ ကျော်က ပြည်သူ ၂၀၀၀၀ ကျော် တိမ်းရှောင်နေကြရပြီး နေရပ်ကို မပြန်ကြရသေးဘူးလို့ သိရပါတယ်။

စစ်တပ်ထောက်ခံတယ်လီဂရမ်တွေမှာတော့ PDF အထိုင်ချထားတဲ့ ကိုးတောင်ဘိုစခန်း၊ ဟင်သော်ရွာဘုန်းကြီးအထိုင်စခန်းအပါအဝင် PDF စခန်း၊ စစ်ဆေးရေးဂိတ်တွေကို သိမ်းယူနိုင်ပြီး လက်နက်ခဲယမ်း၊ မိုင်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းယူထားနိုင်တယ်လို့ ရေးသားထားကြပါတယ်။

သတင်း – မောင်မှိုင်း

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။