ရဲတပ်ရင်း ၈ စစ်ကြောင်းတိုက်ခိုက်ခံရလို့ ၇ ဦးသေပြီး ရဲအုပ်အပါသုံ့ပန်း ၁၀ ဦးနဲ့ လက်နက်တွေကိုဖမ်းမိ

0 0
0 0

မလှိုင်၊ ဇူလိုင် ၄၊ ၂၀၂၆။

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ အိမ်ကြီးတောရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ ရဲတပ်ရင်း ၈ စစ်ကြောင်းတိုက်ခိုက်ခံရလို့ ၇ ဦးသေ၊ ရဲအုပ်အပါအဝင် သုံးပန်း ၁၀ ဦးမိတယ်လို့ ဇူလိုင် ၃ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၂ ရက်မနက် ၁၁ နာရီကျော်မှာ မလှိုင်မြို့ကနေစစ်ကြောင်းထိုးလာတဲ့ ရဲတပ်ရင်း ၈ မှ ဒုတိယရဲမှူးကြီး ဇော်ဝင်းထိန်ဦးဆောင်တဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကို အိမ်ကြီးတောရွာအနီးတိုက်ခိုက်ရာက အပြန်အလှန်တိုက်ပွဲ ၂ နာရီကျော်ကြာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ခုစစ်ကြောင်းက မြင်းခြံ၊ တောင်သာ၊ မလှိုင်ဘက်ထိ စစ်ကြောင်းထိုးနေတဲ့အဖွဲ့ပါ။ သူတို့အနေနဲ့ဆို နယ်မြေရှင်းလင်းရေး လိုက်လုပ်နေတာပါ။ သူတို့က ကျနော်တို့ အနီးအနား ကျွံလာတဲ့ကောင်တွေ သေတာဖမ်းမိတာရှိတယ်။ ကျန်တဲ့သူတွေကတော့ ဝရုန်းသုန်းကားနဲ့ပြန်ပြေးကုန်တယ်”လို့ ဒေသကာကွယ်ရေးတပ်တွေနဲ့နီးစပ်သူတဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ချိန်မှာ စစ်ကော်မရှင်ဘက်က တိုက်ပွဲဧရိယာအပါအဝင် အနီးအနားရွာတွေကိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကြောင်းဟာ မလှိုင်မြို့နားအထိပြန်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်၊

တိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်ဘက်က ၇ ဦးသေဆုံး၊ ၃၀ ကျော်ထိခိုက်ကာ ရဲအုပ် ၁ ဦးအပါအဝင် ရဲတပ်သား ၁၀ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးထားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် လက်နက်မျိုးစုံနဲ့ စိန်ပြောင်း အလက် ၂၀၊ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ၊ ခဲယမ်းမျိုးစုံကိုလည်း သိမ်းဆည်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်စစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ မြင်းခြံခရိုင်စစ်ဌာန လက်အောက်ခံတပ်ရင်းတွေ၊ မိတ္ထီလာခရိုင် အမှတ် ၂ တပ်ရင်း၊ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ၊ မလှိုင်မြို့နယ် ပကဖနဲ့ TTA ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

မေ ၂၄ ရက်ကလည်း မြင်းခြံမြို့နယ်၊ မြင်းခြံ-တောင်သာသွားလမ်း ကုလားတန်ကွေ့အနီးမှာ မြင်းခြံပြည်သူစစ်အဖွဲ့ရဲ့ ရိက္ခာပို့ကား တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။