နတ်တလင်း၊ နိုဝင်ဘာ ၂၁၊ ၂၀၂၆။
ပဲခူးတိုင်း၊ နတ်နလင်းမြို့နယ်၊ ဘန့်ဘွေးကုန်းရွာမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၀ ရက်မနက် ၁၀ နာရီခန့်မှာ ကျောက်ခွက်ကျေးရွာကနေ ထွက်လာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်တပ်စစ်ကြောင်းဟာ လက်နက်ကြီးတွေပစ်ခတ်ပြီးနောက် ကျေးရွာထဲကို ဝင်ရောက်လာ ကြတယ်လို့ဆိုပါတယ်။
“စစ်ကြောင်းက ရွာထဲကို လက်နက်ကြီးဒရုန်းတွေနဲ့ပစ်ပြီးဝင်လာတာ။ နေ့ခင်းပိုင်းကျတော့ ဒီဘက်ကအဖွဲ့တွေကသွားပစ်ကြတာ တိုက်ပွဲဖြစ်ပွားတယ်။ သူတို့ဘက်က အထိနာသွားတယ်”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။
စစ်တပ်စစ်ကြောင်း ကျေးရွာထဲရောက်ပြီးနောက် ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ မိနစ် ၂၀ ကျော်တိုက်ပွဲဖြစ်ကာ စစ်တပ်ဘက်က ၆ ဦးထိခိုက်သေဆုံးပြီး ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦး ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် ညနေ ၃ နာရီကျော်မှာ ကျေးရွာထဲက နေအိမ်တွေကို စစ်တပ်က မီးတင်ရှိုခဲ့ရာ နေအိမ် ၂၀ ထက်မနည်း မီးလောင်ပျက်စီးနိုင်ပြီး စစ်ကြောင်းရှိနေသေးတာကြောင့် အသေးစိတ် မစိစစ်နိုင်သေးဘူးလို့ ဆိုပါတယ်။
ဘန့်ဘွေးကုန်းကျေးရွာဟာ အိမ်ခြေ ၁၅၀ ခန့်သာရှိတဲ့ကျေးရွာဖြစ်ပြီး ယခုအကြိမ်မီးရှို့ခံရတာ ၃ ကြိမ်မြောက်ဖြစ်ကာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ၂ ကြိမ်မီးရှို့ခံရလို့ အိမ်ခြေ ၅၀ ကျော်မီးလောင် ပျက်စီးထားတဲ့ကျေးရွာဖြစ်ပါတယ်။
နိုဝင်ဘာလ ၁၇ ရက်ကလည်း ကျောက်ခွက်ရွာကို စစ်ကြောင်းဝင်လာချိန် လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူ ၆ ဦးသေဆုံးခဲ့သေးတယ်လို့သိရပါတယ်။