မြိုင်မှာ ‌စစ်တပ်က နေအိမ် ၇၀ ကျော်ကိုမီးရှို့ပြီး ဒေသခံ ၂ ဦးကို သတ်ဖြတ်

0 0
0 0

မြိုင်၊ ‌ဇွန် ၅၊ ၂၀၂၆။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်စက်မှု ၂ ကထွက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့၀င်‌တွေက နေအိမ် ၇၀ ကျော်ကိုမီးရှို့ပြီး ဒေသခံ ၂ ဦးကိုလည်းသတ်ဖြတ်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုဆီက သိရပါတယ်။

ဇွန် ၄ ရက် မနက် ၇ နာရီခန့်မှာ မြိုင်စက်မှု ၂ ကထွက်လာတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကော်မရှင် စစ်ကြောင်းက မြိုင်မြို့နယ်၊ ၀က်ပုတ်ရွာက နေအိမ် ၄၅ လုံးနဲ့ ဇွန် ၁ ရက် မနက်ပိုင်းမှာ ကုန်းရွာက နေအိမ် ၂၄ လုံးကျော်ကိုမီးရှို့ခဲ့ပြီး အဲ့ဒီရွာက အသက် ၅၀ အရွယ် အမျိုးသား ၂ ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ဘေးရှောင်နေရတာတော့ အဲ့ ၂ ရွာထဲမဟုတ်ဘူး။ ဒေသကျေးရွာ ၅ ရွာမှာနဲ့ ၇ ရွာထက်မနည်းပေါ့၊ ရှောင်နေကြရတာပေါ့။ အိမ်ထောင်စုကတော့ ၆၀၀ ကျော် ၇၀၀ လောက်ရှိမယ်ထင်ပါတယ်”လို့ အညာမြေတပ်ပေါင်းစုပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မြေလတ်အသံကိုပြောပါတယ်။

ဝက်ပုတ်ရွာဟာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ခံရတာ ၄ ကြိမ်းထပ်မနည်းရှိခဲ့ကာ ၂၀၂၁ ကနေ ၂၀၂၄ ဩဂုတ်အထိ ပျူစောထီးကျေးရွာအဖြစ်ရှိခဲ့ပြီးနောက် ၂၀၂၄ သြဂုတ် ၈ ရက်မှာ တော်လှန်ရေး တပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

“မီးရှို့ခံရတဲ့ကျေးရွာတွေမှာ ပြန်လည်တည်ဆောက်ဖို့ လိုအပ်တာတွေတော့ အများကြီးရှိတယ်။ အခုလက်ရှိသူတို့စစ်ဘေးရှောင်နေကြရတော့လေ သူတို့မှာအများကြီးပေါ့ ဖော်ပြလို့မရတဲ့ စိတ်ဒဏ်ရာတွေ ကိုယ်ဒဏ်ရာတွေ အများကြီးရကြတာတွေလည်းရှိတာပေါ့လေ။ တော်တော်ကို ဖော်ပြလို့မစွမ်းနိုင်တဲ့ အကြောင်းအရာတွေ ဒါတွေလည်း သူတို့မှာ ကြုံတွေ့နေရတာ‌ရှိပါတယ်”လို့ အထက်ပါပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၄ ရက်ကစပြီး မြိုင် စက်မှု ၂ ရဲ့ အနီး၀န်းကျင်ကျေးရွာတွေကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့နေတာကြောင့် ဒေသခံတွေဘေးလွတ်ရာကို ရှောင်တိမ်းနေကြရကာ အရေးပေါ်အကူအညီတွေလည်း လိုအပ်နေတယ်လို့သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။