ချောင်းဦး၊ ဇွန် ၅၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မင်းခေါင်ရွာအနီး လေကြောင်းတိုက်ခိုက်ခံရတာကြောင့် PDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ပြည်သူ ၁ ဦးဒဏ်ရာရတယ်လို့ ချောင်းဦးမြို့နယ်ပကဖ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဇွန် ၄ ရက်နေ့လယ် ၁ နာရီခန့်ကစတင်ပြီး စစ်ကော်မရှင်ရဲ့စက်တပ်လေထီးတွေဟာ မင်းခေါင်ရွာထဲနဲ့ အနီးဝန်းကျင်ကို ဗုံးအလုံးရေ ၁၀ လုံးထက်မနည်းကြဲချခဲ့တယ်လို့ ဆိုပါတယ်။
“၃ စီး၊ ၂ စီး၊ ၁ စီးနဲ့ ၃ ခေါက်လောက်ကိုလာချတာ။ ပြည်သူထိတာက ရွာထဲမှာထိတာ။ ရဲဘော်ကျတော့ သူတို့ရဲ့စခန်းပေါ်ချခံရတော့ ထိတာ။ စခန်းလည်းပျက်စီးတာရှိတယ်”လို့ ချောင်းဦးမြို့နယ်ပကဖ တာဝန်ရှိသူကပြောပါတယ်။
ဗုံးထိမှန်တာကြောင့် အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးဒဏ်ရာရပြီး ဒေသအခြေစိုက်ကာကွယ်ရေး တပ်ဖွဲ့ ၁ ခုမှ အသက် ၂၀ ကျော်အရွယ်တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးကာ စခန်းလည်းပျက်စီးသွားတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ခုလို လေကြောင်းကနေ ဗုံးကြဲခံရတာကြောင့် အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့မင်းခေါင်ရွာက ပြည်သူ ၁,၀၀၀ ကျော်ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
မေ ၂၇ ရက်ကလည်း ချောင်းဦးမြို့နယ်၊ မုံရွာ-အမြင့်လမ်းပေါ်က လှော်ကားကျေးရွာကို အသေခံ ဒရုန်းနဲ့ဗုံးကြဲလို့ ကလေးငယ်အပါအဝင်သားအမိ ၂ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း