မူးယစ်ဆူပူမှုနဲ့ ပလဖရဲ့ဖမ်းဆီးခံရသူ ဒဏ်ရာတွေနဲ့သေဆုံး၊ တရားမျှတမှုရှာပေးဖို့ မိသားစုတောင်းဆို

0 33
0 33

ပေါက်၊ စက်တင်ဘာ ၉၊ ၂၀၂၆။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇုန် ၂ ပလဖ အဖွဲ့တွေက မူးယစ်ဆူပူမှုနဲ့ ဖမ်းဆီးခံရသူ အမျိုးသားတဦး နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားကာ တရားမျှတမှုရှာပေးဖို့ မိသားစုက တောင်းဆိုလိုက်ပါတယ်။

ဩဂုတ်လ ၂၃ ရက်နေ့ နေ့လည်ပိုင်းမှာ သက္ကယ်ကျင်းကျေးရွာနေ အသက် ၄၉ နှစ်အရွယ် ဦးစိုးမြင့်နိုင်ကို မူးယစ်ဆူပူတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဇုန် ၂ ပလဖအဖွဲ့ဝင် ရဲဘော်ဒေါင်းမင်းဦးဆောင်တဲ့ ပလဖ အဖွဲ့ဝင် ၆ ဦးက ကျေးရွာအနီး ရေချောင်းထဲကနေ လာရော​က်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ဖမ်းဆီးချိန်မှာလည်း ဝါးတုတ်နဲ့ရိုက်နှက်လို့ ဦးစိုးမြင့်နိုင်မှာ အရှေ့သွား ၃ ချောင်းကျွတ်ထွက်သွားပြီးနောက် ဖမ်းဆီးသွားကာ ညနေပိုင်းမှာ ဇုန် ၂ ပလဖ စခန်းကနေ ကျေးရွာကို ပြန်ပြေးလာပြီး ၎င်းရဲ့အကိုဖြစ်သူနေအိမ်မှာ ပုန်းအောင်းနေစဥ် ညပိုင်းမှာ ပလဖ အဖွဲ့ဝင်တွေက ထပ်မံလာရောက်ဖမ်းဆီးကာ သူတို့စခန်းကို ခေါ်ဆောင်သွားပြီး နှိပ်စက်ခဲ့ကြတာလို့ ဆိုပါတယ်။

ပုံစာ – သက္ကယ်ကျင်းကျေးရွာမှ သေဆုံးသူ အသက် ၄၉ နှစ်အရွယ် ဦးစိုးမြင့်နိုင်

“လျှာဖျားလေးတွေကို ကတ်ကြေးနဲ့ဖြတ်တယ်။ သွားတွေကို ပလယာနဲနုတ်တယ်။ ခြေဖနောက်ကျောတွေဖြတ်တယ်။ ပေါင်တွေ ခြေသလုံးတွေမှာ ဓားမွန်းရာတွေရှိတယ်။ ခေါင်းကိုလည်း ရိုက်တော့ နောက်စေ့က ဖုထွက်နေတယ်။ ကျောတွေကို ဓားနဲ့မွန်းတယ်။ မျက်လုံးတွေကိုလည်း ဆွဲနုတ်တယ်။ မျက်လုံးကြီးကို ညိုမဲစွဲနေကော။ နားနဲ့မျက်လုံးထဲက သွေးတွေထွက်တယ်။ ပြီးတော့ ပလယာတွေနဲ့ ခြေထောက်ချောင်းလေးတွေကို ညှပ်တယ်။”လို့ မိသားစုဝင်တွေကပြောပါတယ်။

ဖမ်းဆီးခံထားရချိန် တပတ်လုံးနီးပါး နေ့စဥ်နှိပ်စက်ခံရပြီး မြေကျွင်းထဲမှာ ထည့်ထားသလို နှိပ်စက်ဒဏ်ရာတွေမှာ ယဥ်ကောင်တွေ လာကိုက်ပါကလည်း ဖယ်ခွင့်မပေးသလို ထမင်းမကျွေး၊ ရေမတိုက်ဘဲထားကာ အရက်သောက်ပြီး နှိပ်စက်ကြတာလို့ ဦးစိုးမြင့်နိုင်မသေဆုံးခင်က မိသားစုကို ပြန်ပြောပြခဲ့တာလို့ မိသားစုဝင်တွေက ဆိုပါတယ်။

ပုံစာ – သက္ကယ်ကျင်းကျေးရွာမှ သေဆုံးသူ အသက် ၄၉ နှစ်အရွယ် ဦးစိုးမြင့်နိုင်

နှိပ်စက်ပြီး သေလုမျောပါးအခြေနေဖြစ်နေအတွက် ဩဂုတ်လ ၃၁ ရက်နေ့မနက်ပိုင်းမှာ ဇုန် ၂ ပလဖ တာဝန်ရှိသူတွေက ဦးစိုးမြင့်နိုင်ရဲ့ အမျိုးသမီးတဦးနဲ့ သက္ကယ်ကျင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို လာရောက်တွေ့ဆုံဖို့ပြောပြီး ပြန်လည် အပ်နှံပေးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရချိန်မှာလည်း မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးခဲ့သလို သေဆုံးခါနီး ဦးစိုးမြင့်နိုင်ကို နေအိမ်ကို ပြန်လာခေါ်ဖို့ကိုပင် ဇနီးသည်နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် တချို့နဲ့သာ ပြန်လာယူခွင့်ပြုခဲ့ပြီး၊ အဒီနေ့ ညပိုင်းမှာ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

ပုံစာ – သက္ကယ်ကျင်းကျေးရွာမှ သေဆုံးသူ အသက် ၄၉ နှစ်အရွယ် ဦးစိုးမြင့်နိုင်

သေဆုံးသူ ဦးစိုးမြင့်နိုင်နဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူပေးဖို့နဲ့ ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးဖို့ မိသားစုက လိုလားနေပါတယ်။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ရဲဘော်ဒေါင်းမင်းနဲ့ အဖွဲ့ကို အရေးယူပေးဖို့ ဇုန် ၂ ပလဖ ခေါင်းဆောင်ထံ စက်တင်ဘာလ ပထမအပတ်အတွင်းမှာ သွားရောက်တိုင်ကြားထားပေမယ့် ယနေ့အထိ အရေးယူပေးတာမရှိဘူးလည်း သိရပါတယ်။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ပေါက်မြို့နယ်ပလဖနဲ့ ပကဖထံကို မြေလတ်အသံက ဖုန်းနဲ့ ဆက်သွယ်နေပေမယ့် အဆက်အသွယ်မရသေးသလို မူးယစ်ဆူမှုအပြင် တခြားဥပဒေပုဒ်မတွေနဲ့ ဘာကြောင့် ဖမ်းဆီးခဲ့တယ်ဆိုတာကိုလည်း မြေလတ်အသံအနေနဲ့ သီးခြား အတည်း မပြုနိုင်သေးပါဘူး။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။