တောင်သာမှာ စစ်တပ်က လူငယ်အမျိုးသား ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့

0 4
0 4

■ PDF စခန်း ၁ ခုလည်း စီးနင်းခံရ

တောင်သာ၊ ဇွန် ၃၊ ၂၀၂၆ ။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာမှာ လူငယ်အမျိုးသား ၂ ဦးအသတ်ခံရပြီး ဒေသကာကွယ်ရေးစခန်း ၁ ခုစီးနင်းခံခဲ့ရတယ်လို့ တောင်သာအခြေစိုက်ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးထံက သိရပါတယ်။

ဇွန်လ ၁ ရက် နေ့လယ်ပိုင်းက အင်းတဲရွာကနေ နတ်စောင့်ရွာကို ထမင်းပို့သွားတဲ့ အသက်၂၀ ဝန်းကျင် လူငယ် ၂ ဦးကို အဲ့ဒီ ၂ ရွာအကြားမှာရှိနေတဲ့ စစ်တပ်စစ်ကြောင်းက ဖမ်းဆီးလိုက်ပြီးနောက် ဇွန်လ ၂ ရက် မနက်ပိုင်း နတ်စောင့်ကျေးရွာကို ဝင်ရောက်စီးနင်းချိန်မှာ ဖမ်းဆီးထားတဲ့ လူငယ် ၂ ဦးကို သတ်ဖြတ်ပြီး နေအိမ်တွေကိုပါ မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

” ပြည်သူ ၂ ဦးကိုသတ်ပြီး မီးရှို့ခဲ့တယ်။ အိမ်တွေမီးရှို့ချိန် မီးပုံထဲထည့်ခဲ့တာ။ သူတို့က ပွဲဖြစ်နေတဲ့ကြားထဲက ဆိုင်ကယ်နဲ့ ရွာတောင်ဘက်နားက ကျောင်းဆရာမအိမ်ကိုထမင်းသွားပို့တာမှာ **ကြောင်းနဲ့တွေ့ပြီး ဆွဲကုတ်ထားလိုက်တာ”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်တပ်စစ်ကြောင်းက နတ်စောင့်ကျေးရွာအတွင်းဝင်ရောက်လာပြီးနောက် ကျေးရွာအနီးက ဒေသကာကွယ်ရေးစခန်း ၁ ခုကိုပါ ထပ်မံစီးနင်းခဲ့လို့ စခန်းအတွင်းရှိ ရိက္ခာတွေနဲ့ပစ္စည်းအချို့ဆုံးရှုံးခဲ့ပေမယ့် PDF တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်တယ်လို့ ဆိုပါတယ်။

စစ်တပ်စစ်ကြောင်းက မီးရှို့တာကြောင့် နတ်စောင့်ရွာနေအိမ် ၁၂ လုံးမီးလောင်ခဲ့ပြီး သတ်ဖြတ်မီးရှို့ခံရတဲ့ လူငယ် ၂ ဦး ရုပ်အလောင်းတွေကိုလည်း နယ်မြေရှင်းလင်းချိန်မှာတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

တောင်သာမြို့နယ်အတွင်းကို မေလ ၃၁ ရက်က ကျောက်ပန်းတောင်း၊ မြင်းခြံမြို့နယ်တွေကနေ အင်အား ၁,၀၀၀ ကျော်နဲ့ စစ်ကြောင်းတွေဖြန့်ခွဲ ဝင်ရောက်လာကြတာဖြစ်ပြီး နတ်စောင့်ကျေးရွာကို ဝင်ရောက်တဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဟာ လက်ရှိမှာ မြင်းတဲရွာဘက်ကို ဆက်လက်ထွက်ခွာနေတယ်လို့ သိရပါတယ်။

စစ်တပ်ကိုထောက်ခံရေးသားနေတဲ့တယ်လီဂရမ်ချန်နယ်တွေမှာလည်း နတ်စောင့်ကျေးရွာအနီးက PDF စခန်း ၁ ခုကို သိမ်းဆည်းရမိခဲ့ရာမှာ ကား ၁ စီး၊ ရိက္ခာအချို့နဲ့ မီးစက်အပါအဝင် ဆက်စပ်ပစ္စည်းတွေသိမ်းဆည်းရမိတယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ဖော်ပြနေကြပြီး စစ်တပ်တယ်လီဂရမ်တွေမှာ ဖော်ပြနေတဲ့ ဓာတ်ပုံတွေဟာ နတ်စောင့်ရွာအနီးတောင်သာ PDF စခန်းမှန်ကန်တယ်လို့ အထက်ပါကာကွယ်ရေးအဖွဲ့ဝင်က အတည်ပြုပါတယ်။

တောင်သာမြိုနယ်အနောက်ခြမ်းကို အင်အားထောင်ချီနဲ့စစ်ကြောင်းထိုးနေတာကြောင့် သဲတော၊ ကိုင်း၊ နတ်စောင့်၊ ပဒက်ကုန်း၊ မြင်းတဲ၊ တံငါကျင်း၊ ပုလ္လင်၊ ရုံး ပင်၊ နတဲ၊ ရွာလေး၊ ခြုံကြီးအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာလောက်က လူဦးရေ ၁၀,၀၀၀ ကျော်လောက်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မေလ ၄ ရက်ကလည်း တောင်သာမြို့နယ်၊ သံဘိုရွာမ ကျေးရွာမှာ နယ်မြေရှင်းလင်းရေးသွားတဲ့ PDF အဖွဲ့တွေ အလစ်တိုက်ခံရပြီး ၁၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။