ရိက္ခာပို့ ရဲ ၁ ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းဆီးပြီး ပေါ်တာဆွဲခံရသူ ၁ ဦးကို ကယ်နိုင်ခဲ့

0 7
0 7

အုတ်ဖို၊‌ ဇွန် ၂၊ ၂၀၂၆။

ပဲခူးတိုင်းအ‌နောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းခွ (ကေ) ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်စစ်ကြောင်းအတွက် ရိက္ခာယူပြန်လာတဲ့ ရဲ ၁ ဦးကိုဖမ်းဆီးပြီး သူနဲ့အတူပါလာတဲ့ ပေါ်တာဆွဲခံရသူကိုပါ ကယ်တင်နိုင်ခဲ့တယ်လို့ ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၄ ဆီကသိရပါတယ်။

မေ ၃၁ ရက် မနက် ၆ နာရီဝန်းကျင်မှာ နေပြည်တော် ရဲတပ်ရင်း ၁၇ မှ ရဲကွန်မန်ဒိုသင်တန်းဆင်း ရဲတပ်ဖွဲ့၀င် မင်းမင်းထွန်းကို ချောင်းခွ (ကေ) ကျေးရွာအနီးမှာ လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိပြီး အုတ်ဖိုမြို့နယ်၊ အောက်ကိုင်းကလေးကျေးရွာအုပ်စု၊ သရက်တောကျေးရွာက ပေါ်တာဆွဲဖမ်းစီးခံထားရတဲ့ ကိုပိုင်(ခ)အောင်ပိုင်စိုး ကယ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

“ဒီနယ်မြေ မအေးချမ်းတဲ့နေရာမှာ ဆိုင်ကယ်မောင်းပြီးသွားနေတာကို ဘာလဲဆိုတာသိချင်လို့ လမ်းပေါ်တက်ပြီး ကင်းပုန်း၀ပ်ပြီး စောင့်ကြည့်တဲ့အခါမျိုးမှာ သူတို့ ၂ ယောက်က ရိက္ခာခြောက်တွေ ယူပြီးတော့ ပြန်လာတာတွေ့တာ။ ပြန်လာတာတွေ့လို့ ကျနော်တို့က ဖမ်းလိုက်တာပါ။ သူက နေပြည်တော် ရဲတပ်ရင်း ၁၇ သာ၀တ္ထိကလို့ပြောတယ်”လို့ တပ်ခွဲ ၄ မှ တာ၀န်ခံ ဗိုလ်တောက်တဲ့က မြေလတ်အသံကို ပြောပါတယ်။

ပုံစာ – ရဲတပ်ဖွဲ့၀င် မင်းမင်းထွန်း(ကျည်ကာဦးထုပ်ဆောင်းထားသူ)နှင့် ပေါ်တာဆွဲခံရသူ ကိုအောင်ပိုင်စိုး တို့အား တွေ့ရစဉ်။

ဖမ်းဆီးခံရတဲ့ ရဲတပ်ဖွဲ့၀င်ဟာ ကိုအောင်ပိုင်စိုးကို ခေါ်ပြီး ဆိုင်ကယ်နဲ့ ရိက္ခာခြောက်တွေယူပြီး ပြန်လာချိန်မှာ တော်လှန်ရေးတပ်ဖွဲ့‌၀င်တွေက စောင့်ဖမ်းခဲ့တာဖြစ်ပြီး MA 13‌ သေနတ် ၁ လက်၊ ကျည် ၄၂ တောင့်၊ ဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ ရိက္ခာခြောက်တွေနဲ့အတူ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

“ရိက္ခာသွားယူတာတော့ ဘယ်ကိုသွားယူလဲ‌တော့ ကျနော်လည်းမသိဘူးဗျ။ ပို့မှာကတော့ ချောင်းခွမှာတပ်ဆွဲထားတဲ့ သူတို့စစ်ကြောင်းဆီကို ပြန်ပို့တာဗျ။ ဘယ်လိုရိက္ခာခြောက်ထုတ်တွေပါလဲဆိုရင် မားမားခြောက်ထုတ်တို့ ကြက်ဥဖာတို့ ငါးပိကြော်ဗူးတို့ ငါးကြော်နှပ်ဗူးတို့ ပါတာတော့တွေ့တယ်”လို့ အထက်ပါတာ၀န်ခံကပြောပါတယ်။

ပုံစာ – ရဲတပ်ဖွဲ့၀င် မင်းမင်းထွန်း(ကျည်ကာဦးထုပ်ဆောင်းထားသူ)နှင့် ပေါ်တာဆွဲခံရသူ ကိုအောင်ပိုင်စိုး တို့အား တွေ့ရစဉ်။

ချောင်းခွ (ကေ) ကျေးရွာမှာ စစ်ကော်မရှင်တပ်ဘက်က အင်အား ၈၀ နီးပါးနဲ့ တပ်စွဲထားပြီး စစ်ကြောင်း ၃ ကြောင်းခွဲကာ အနီး၀န်းကျင်ရွာတွေမှာတပ်ဖြန့်ထားသလို စုစုပေါင်းအင်းအား ၃၀၀ ၀န်းကျင်ရှိတယ် ဆိုတာကို ဖမ်းဆီးခံရသူရဲ့ပြောပြချအရ သိရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ ရဲတပ်ဖွဲ့၀င်နဲ့ ကယ်တင်နိုင်ခဲ့တဲ့ ပြည်သူ ၁ ဦးကို လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စောင့်ရှောက်မှုတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက် လုပ်ဆောင်နေတယ်လို့ ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၄ ဆီကသိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။