မြိုင်၊ အောက်တိုဘာ ၂၀၊ ၂၀၂၆။
မကွေးတိုင်း၊ မြိုင်မြို့နယ်က နဂါးဗွက်ရွာနဲ့ သာစည်ကျေးရွာအနီးကို စစ်တပ်က စက်တပ်လေထီး ၈ စီးနဲ့ ဗုံးလိုက်ကြဲနေလို့ ကျေးရွာ ၆ ရွာက ပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
အောက်တိုဘာလ ၁၉ ရက်နေ့ မနက် ၁၀ နာရီခန့်က ညောင်ဦးကနေ တက်လာတဲ့ စက်တပ်လေထီး ၄ စီးက နဂါးဗွက်ရွာအနီးကို ဗုံးကြဲခဲ့သလို နေ့လယ် ၁၂ နာရီခန့်ကလည်း သာစည်ကျေးရွာအနီးကို မုံရွာအခြေစိုက် နမခတပ်ဘက်က စက်တပ်လေထီး ၄ စီးက ဗုံး ၈ လုံးကြဲချသွားတယ်လို့ ဆိုပါတယ်။
“နဂါးဗွက်ရွာမှာတော့ လူထိခိုက်တာမရှိဘူး။ တဲတွေပျက်စီးတာရှိတယ်။ သာစည်မှာကျ အော်ရီဒူးတိုင်ပေါ်ကျတော့ အော်ရီဒူးစက်တွေကော အဲ့တိုင်မှာ ပူးချိတ်ထားတဲ့ MPT စက်တွေကော ပျက်စီးပြီး လိုင်းတွေပြတ်နေတယ်”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြေပါတယ်။
ဗုံးကျမှုအတွင်း လူထိခိုက်မရှိပေမယ့် နဂါးဗွက်ရွာအနီးက အဆောက်အဦ ၃ လုံးနဲ့ သာစည်ရွာနားက တာဝါတိုင်ပါပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲနေသလို ကမ္မဘက်ကနေလာတဲ့ စစ်တပ်အင်အား ၃၅၀ ခန့်ကလည်း အောက်တိုဘာလ ၁၉ ရက်နေ့မှာ မြိုင်နယ်၊ တွင်းမပျူရွာမှာ ရောက်နေတာကြောင့် သာစည်၊ နှမ်းဆီကန်၊ မြေရင့်၊ မြဇီးတော၊ အိုရင်းနဲ့ သစ်ပုလွေကုန်း ကျေးရွာတွေက ပြည်သူ ၅,၀၀၀ ခန့် စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၈ ရက်နေ့ကလည်း မြိုင်မြို့နယ်ထဲက ဆိတ်သတ်၊ ဝကြီးတော၊ ကုန်းရွာ၊ ဘူကင်းချိုင်၊ ဝက်ပုတ်၊ သာကောင်းရွာတွေထဲနဲ့ ရွာအနီးတွေကို ဗုံးပတ်ကြဲနေတာလို့ ကုန်းရွာက နေအိမ် ၆ လုံးပျက်စီးပြီး ဒေသခံပြည်သူတွေ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။