ပဲခူးနဲ့ မွန်အစပ်က ကျေးရွာတွေကို လေကြောင်းရော လက်နက်ကြီးနဲ့ပါပစ်ခတ်နေလို့ ၁၅ ရွာ ခန့် တိမ်းရှောင်နေရ

0 0
0 0

ရွှေကျင်၊ အောက်တိုဘာ ၁၊ ၂၀၂၆။

ပဲခူးတိုင်း၊ ရွေကျင်မြို့နယ်နဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အစပ်က ကျေးရွာတွေကို လေကြောင်းလက်နက်ကြီးပစ်ခတ်နေလို့ ကျေးရွာ ၁၅ ရွာခန့်က ပြည်သူတွေ တိမ်းရှောင်နေရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

စက်တင်ဘာလ ၂၄ ရက်ကနေ ၃၀ ရက်နေ့အထိ ကာလအတွင်းမှာ စစ်တပ်က ကျောက်ဖျာ၊ နတ်စင်၊ ငှက်ပျောတော၊ ဝင်းကံ၊ သဲဖြူချောင်း၊ ဝါးဖြူတောင်၊ ကျောက်ရေတွင်း၊ မဲယွန်းကြီး၊ မဲယွန်းလေး၊ ကော်ကပ်နဲ့ ခမောက်ခွေ စတဲ့ကျေးရွာတွေအနီးဝန်းကျင်တွေကို Mi-35 ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်နဲ့ ဒရုန်းတွေအပါအဝင် လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်နေပြီး မွန်ပြည်နယ် ကျိုက်ထိုအခြေစိုက် တပ်မ ၄၄၊ သိမ်ဇရပ်အခြေစိုက် အမတ ၃၁၀ ကနေလည်း လက်နက်ကြီးတွေနဲ့ အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“အိမ်စောင့် တယောက်၊ နှစ်ယောက်လောက်ချန်ပြီး ပြေးကုန်ပြီ။ မချန်ခဲ့ရင် ခိုးခံရာတာတွေ ရှိတာကိုး။ နီးစပ်ရာ တောင်ယာပြေးတဲ့သူ များတယ်။ လူမှ မရှိတော့တာ။ သိမ်ဇရပ်ပြေးတဲသူတွေ ပြေးကြတယ်။ လက်နက်ကြီးတွေက နေ့တိုင်းပစ်နေတာ”လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုနဲ့ လ​က်နက်ကြီးပစ်ခတ်မှုတွေကြောင့် စက်တင်ဘာလ ၂၆ ရက်နေ့မှာ ငှက်ပျောတောကျေးရွာမှာ အလုပ်လုပ်ကိုင်နေတဲ့ ရွှေကျင်မြို့နေ အသက် ၅၈ နှစ်အရွယ် ဒေါ်အယ်သီခိုင်ဆိုသူ သေဆုံးပြီး အသက် ၄၀ အရွယ် ဦးဝေယံ၊ အသက် ၂၅ နှစ်အရွယ် မစန္ဒာမြင့်မွန်တို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် ဗုံးသီးလက်နက်ကြီးတွေကျရောက်ပေါက်ကွဲတာကြောင့် ကျေးရွာတွေအနီးနေထိုင်တဲ့ ဒေသခံတွေရဲ့ ရော်ဘာခြံစိုက်ခင်းတွေနဲ့ ရာသီပေါ်သီးပင်စားပင်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းကဗုံးကြဲသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အိမ်​ခြေ ၅၀ ကနေ ၇၀၀ ကြားရှိတဲ့ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းက ဇလုပ်ကြီး၊ ဝါးဖြူတောင်၊ သဲဖြူချောင်း၊ ကော်ကပ်ခီးကျေးရွာတွေနဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းက နတ်စင်၊ မိုးဘော၊ ကျောက်ဖျာ၊ ခမောက်ခွေ၊ ကော်ကပ်၊ ဝင်းကံနဲ့ ငှက်ပျောတောကျေးရွာတွေ အပါအဝင် ကျေးရွာပေါင်း ၁၅ ရွာက ပြည်သူ ၅,၀၀၀ ကျော်တိမ်းရှောင်နေကြရပြီး အောက်တိုဘာလ ၁ ရက်နေ့အထိ နေရပ်မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်​နေ့မှာ ရွှေကျင်နဲ့ကျိုက်ထိုအစပ်ရှိ NUG အထူးတိုင်းစစ်ဌာနချုပ် လေကြောင်းကနေ ဗုံးကြဲခံရပြီး လေတပ် CDM တပ်ကြပ်ကြီး နေဝင်းအောင်အပါအဝင် ၅ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေ များတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။