ပခုက္ကူခရိုင် တပ်ရင်း ၁၉၊ တပ်ခွဲ ၃ စခန်းစီးနင်းခံရ တပ်ခွဲမှူးနဲ့တချို့ ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရသူတွေလည်းရှိ

0 0
0 0

ဆိပ်ဖြူ၊ အောက်တိုဘာ ၉၊ ၂၀၂၆။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ထိန်ကန်နဲ့တမာချောင်ရွာရှိ ပခုက္ကူခရိုင် တပ်ရင်း ၁၉၊ တပ်ခွဲ ၃ စခန်းစီးနင်းခံရပြီး သေဆုံးသူနဲ့ ဖမ်းဆီးခံရသူတွေရှိတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

အောက်တိုဘာလ ၈ ရက်နေ့ မနက် ၅ နာရီခန့်က ဆိပ်ဖြူမြို့ကနေ ထွက်လာတဲ့အင်အား ၅၀ စီပါ အာဏာသိမ်းစစ်တပ် စစ်ကြောင်း ၂ ကြောင်းဟာ ကျေးရွာ ၂ ရွာကို ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

“နှစ်ရွာလုံးမှာက စခန်းထိုင်တာရှိတယ်။ နှစ်နေစရာလုံး စီးခံရတာ။ ဗိုလ်မထားတို့ထိုင်တဲ့စခန်းတွေ စီးခံရတာ။ လောလောဆယ် အလောင်းတော့တလောင်းတွေ့ ထားတယ်။ ကျန်တဲ့ဟာတွေက ဖမ်းသွားတာလား မြှုပ်ထားတာလားဆိုတာတော့ ရှာတုန်းပါ။ အလစ်အငိုက်ခံလိုက်ရတဲ့ အခြေအနေတော့ရှိတယ်”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စခန်းစီးနင်းခံရမှုမှာ ရဲဘော် ၄ ဦးနဲ့ ဒေသခံပြည်သူ အမျိုးသား ၁ ဦးသတ်ဖြတ်ခံထားရတယ်လို့ သိရပြီး တပ်ခွဲ ၃ တပ်ခွဲမှူး ဗိုလ်မထားအပါအဝင် ဖမ်းဆီးခံရသူလည်း ၃ ဦးထက်မနည်းရှိတယ်လို့ ဆိုပါတယ်။

အဆိုပါ စခန်းနှစ်ခုမှာ တပ်ခွဲ ၃ က ရဲဘော် ၁၅ ဦးထက်မနည်းရှိနေပြီး နယ်မြေအခြေနေအရ ဖမ်းဆီးခံရသူနဲ့ထွက်ပြေးလွတ်မြောက်သူတွေကို စိစစ်စုံစမ်းနေဆဲလို့ သိရပါတယ်။

အဲဒီနေ့ မနက်ပိုင်းမှာပဲ စစ်ကြောင်းဝင်လာတဲ့ လမ်းပိုင်းတနေရာမှာ ကင်းပုန်းနဲ့တိုးပြီး ပခုက္ကူခရိုင်တပ်ရင်း ၄၊ တပ်ခွဲ ၂ က ရဲဘော် ၂ ဦးလည်း ဖမ်းဆီးခံလိုက်ရပြီး သေသလား ရှင်သလားမသိသေးဘူးလို့ ဆိုပါတယ်။

စစ်ကြောင်းထိုးလာလို့ အဆိုပါ ကျေးရွာ ၂ ရွာက ပြည်သူအားလုံးဘေးလွတ်ရာထွက်ပြေးနေရသလို စစ်ကြောင်းကတော့ ဆိပ်ဖြူဘောလုံးကွင်းကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့ကလည်း ဆိပ်ဖြူမြို့နယ်၊ ထိန်ကန်နဲ့ တမာချောင်းကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကချတဲ့ ဒရုန်းထိမှန်လို့ PDF အပါအဝင် ၂ ဦးသေဆုံးတယ်လို့ သိရပါတယ်။

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။