မြိုင်၊ အောက်တိုဘာ ၁၄၊ ၂၀၂၆။
မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကျေးရွာ ၅ ရွာကျော်ကို စစ်တပ်က လေယာဥ် ၆ စီးနဲ့ ဗုံးပတ်ကြဲနေလို့ ပြည်သူ ထောင်ချီပြေးနေရတယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း မြိုင်တာဝန်ရှိသူတွေထံက သိရပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်ကစတင်ပြီး စစ်တပ်ဘက်က ဂျက်ဖိုက်တာ ၂ စီး၊ Mi-17 ၂ စီး၊ Y-12 နှစ်စီးနဲ့ ဆိတ်သတ်၊ ဝကြီးတော၊ ကုန်းရွာ၊ ဘူကင်းချိုင်၊ ဝက်ပုတ်နဲ့ သာကောင်း စတဲ့ကျေးရွာတွေထဲနဲ့ ရွာအနီးတွေကို ဗုံးပတ်ကြဲနေတာလို့ ဆိုပါတယ်။
“ကုန်းရွာက အဓိက ထိတယ်။ အိမ်တွေထိတယ်။ သာကောင်းဘက်မှာလည်း ထိတယ်။ လေယာဥ် ၆ စီးလောက်နဲ့ကြဲနေတာ။ ချတာ Mi-17 နှစ်စီး အောက်နိမ့်ဆင်းပြီးပစ်ပြီး ကျန်တာက ပတ်ကြဲနေတာ”လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်းမြိုင် တာဝန်ရှိသူက ပြောပါတယ်။
အခုလို စစ်တပ်က လေကြောင်းနဲ့ ဗုံးလာကြဲနေတာဟာ စက်မှု ၂ ကို စစ်အင်အား ဖြည့်တင်းလိုတာကြောင့် ဖြည်တင်းတဲ့ စစ်အင်အားတွေကြားဖြတ် တိုက်ခိုက်မခံရအောင် ကြိုတင်ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
လေကြောင်းက ဗုံးကြဲမှုကြောင့် လူထိခိုက်မရှိပေမယ့် လတ်တလောစုံစမ်းသိရှိချက်အရ ကုန်းရွာအတွင်းက နေအိမ် ၆ လုံးပျက်စီးထားပြီး ကျန်ကျေးရွာတွေထဲက နေအိမ်တွေလည်း ပျက်စီးမှုရှိနိုင်တယ်လို့ သိရပါတယ်။
ဗုံးကြဲမှုကြောင့် ဆိတ်သတ်၊ ဝကြီးတော၊ ကုန်းရွာ၊ ဘူကင်းချိုင်၊ ဝက်ပုတ်၊ သာကောင်း စတဲ့ကျေးရွာတွေက ကျေးရွာထဲက စစ်မရှောင်ဘဲကျန်နေခဲ့တဲ့ ပြည်သူ ၁,၅၀၀ ခန့် ထပ်မံထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲ့ဒီကျေးရွာတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းလောက်ကတည်းက ဝဲတူးရေနံမြေထဲကို စစ်တပ်အင်အား ၁၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေကတည်းက ထွက်ပြေးတိမ်းရှောင်ထားသူ အချို့လည်း ရှိတယ်လို့ သိရပါတယ်။