PDF တပ်ရေးဗိုလ် စစ်တပ်ဘက်ရောက်ပြီးနောက် ဗုံးကြဲခံရလို့ စစ်ရှောင် ၂ ဦးသေဆုံး

0 0
0 0

ချောင်းဦး၊ အောက်တိုဘာ ၃၊ ၂၀၂၆။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အခြေစိုက် ချောင်းဦး (6+1) တပ်ပေါင်းစု တပ်ရေးဗိုလ် စစ်တပ်ဆီရောက်သွားပြီးနောက် ဗုံးကြဲခံရလို့ စစ်ရှောင် ၂ ဦးသေ ၁ ဦးဒဏ်ရာရတယ်လို့ ချောင်းဦးမြို့နယ်ပကဖ တာဝန်ရှိသူဆီက သိရပါတယ်။

အောက်တိုဘာ ၁ ရက်မှာ ချောင်းဦး (6+1) တပ်ပေါင်းစု တပ်ရေးဗိုလ် ပျံလွှား (ခ) ဝေဇင်အောင် (ခ) ဝေကြီးဟာ မုံရွာမြို့၊ စွမ်းရည်ထက်ဆီဆိုင်မှာ အထိုင်ချထားတဲ့ စစ်တပ်အဖွဲ့တွေဆီကို ရောက်သွားတယ်လို့ ဆိုပါတယ်။

“ကနဦး သတင်းရထားတာတော့ စစ်တပ်နဲ့ပေါင်းသွားတယ်လို့ ကြားထားတယ်။ ဖမ်းခံရတယ်လို့လည်း သတင်းထွက်နေတော့ ပေါင်းလား ဖမ်းခံရလား အတည်မပြုနိုင်သေးဘူး။ အဲဒီဂိတ်ကိုရောက်သွားတယ်။ သူမှာက ငွေသိန်းတရာလောက်ပါသွားတယ်။ တပ်ရင်းရံပုံငွေဖြစ်ဖို့များတယ်။ မနေ့က လေကြောင်းကြဲတာမှာလည်း အဲဒါနဲ့ဆက်စပ်နိုင်တယ်။ “လို့ ချောင်းဦးမြို့နယ်ပကဖ တာဝန်ရှိသူကပြောပါတယ်။

ပျံလွှား (ခ) ဝေဇင်အောင် (ခ) ဝေကြီးဟာယခင်က မုံရွာခရိုင် တပ်ရင်း ၁၅ မှာ တပ်ရင်းမှူးအဖြစ်တာဝန်ထမ်းဆောင်ထားသူဖြစ်ကာ အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ ချောင်းဦး (6+1) တပ်ပေါင်းစု တပ်ရေးဗိုလ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

သူက စစ်တပ်ဘက်ရောက်သွားပြီးနောက် အောက်တိုဘာလ ၂ ရက်ညနေ ၃ နာရီကျော်ခန့်မှာ မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစီး၊ ညောင်ဦးကနေ တက်လာတဲ့ MI 35 တစီးတို့က ချောင်းဦးမြို့နယ်၊ ထန်းတောကုန်းကျေးရွာအနီးတောစပ်ကို ဗုံးကြဲပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“အဓိက နှစ်စီးပဲ။ သူတို့နှစ်စီးထဲက Mi 35 ဆို ၅ ကြိမ်၊ ဂျက်ဖိုကိတာဆို ပါသမျှ အကုန်ဗုံကြဲပစ်ခတ်သွားတာ။ ကျတာက စစ်ရှောင်စခန်းပေါ်ကျတယ်။ အဲ့မှာက မိသားစု ၃၀ ခန့်ရှိတယ်။ “လို့ ချောင်းဦးပကဖ တာဝန်ရှိသူက ပြောတယ်။

ဗုံးကြဲခံရမှုအတွင်း ယာကြီးတောကျေးရွာကနေ စစ်ရှောင်နေတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၂ ဦးသေဆုံးပြီး အသက် ၁၃ နှစ်အရွယ် လူငယ်တဦးဒဏ်ရာရပြီး စစ်ရှောင်တဲ ၄ လုံးထက်မနည်းပျက်စီးသွားပါတယ်။

ဗုံးကြဲခံရပြီးနောက်မှာတော့ ကျန်စစ်ရှောင်တွေမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရပြီး ကျေးရွာနေပြည်သူတွေကတော့ တိမ်းရှောင်ကြတာမျိုးမရှိဘူးလို့ သိရပါတယ်။

ပျံလွှား (ခ) ဝေဇင်အောင် (ခ) ဝေကြီး စစ်တပ်ဘက်ရောက်သွားတာကြောင့် သူနေထိုင်လှုပ်ရှားဖူးတဲ့ချောင်းဦးမြို့နယ်အတွင်းက PDF အဖွဲ့စခန်းတွေ နေရာရွှေ့ပြောင်းတာ လုံခြုံရေးတိုးမြှင့်တာတွေလုပ်ဆောင်နေရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။