◼️ရင်ခွဲရုံစစ်ဆေးမှုအရ သတ်ခံရတာဖြစ်နိုင်ကြောင်းဆို
မကွေး၊ စက်တင်ဘာ ၂၈၊ ၂၀၂၆။
မကွေးမြို့၊ မြင်းကင်းရွာက တတိယနှစ်ကျောင်းသူတဦးရဲ့ အလောင်းကို ယမန်နေ့ စက်တင်ဘာ (၂၇) ရက် မနက်က တွေ့ရှိခဲ့တယ်လို့ Magway Rescue လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
သေဆုံးသူ အမျိုးသမီးဟာ မြင်းကင်းရွာက အသက် (၂၄) နှစ်အရွယ် မနန္ဒာမင်း ဆိုသူဖြစ်ပြီး မကွေးတက္ကသိုလ်မှာ အဝေးသင်တက်ရောက်နေတဲ့ တတိယနှစ် သင်္ချာကျောင်းသူဖြစ်ကြောင်း သိရပါတယ်။
“မြင်းကင်းအရပ်မှာ အမျိုးသမီးတယောက် အလောင်းတလောင်းတွေ့တယ်လို့ သတင်းပေးလို့ သွားပြီးတော့ ခေါ်တာပါ။ ပြီးတော့ကျ ဆေးရုံရင်ခွဲရုံကို ပို့ပေးတယ်။ ရင်ခွဲရုံပို့ပြီးမှ စစ်ဆေးလိုက်တော့ ကောင်မလေးက သတ်ခံရတယ်လို့ ပြောတာ။” လို့ M-Rescue အဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
သတ်ခံရကြောင်း ရင်ခွဲရုံစစ်ဆေးချက်အရ သိရပေမယ့် လူမှုကူညီရေးအသင်း ရောက်ရှိချိန်မှာ ရုပ်အလောင်းက အပုပ်နံ့ထွက်နေပြီး ပြင်ပဒဏ်ရာ မတွေ့ရှိခဲ့ရတာကြောင့် ဖြစ်စဉ်အသေးစိပ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရပါတယ်။
မကွေးမြို့မှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ကလည်း ဧရာဝတီမြစ်ကူးတံတားပေါ်က ခုန်ချသက်သေသွားတဲ့ လူလတ်ပိုင်း အမျိုးသားတဦးရဲ့ အလောင်းကိုလည်း တွေ့ရှိခဲ့ရသေးတယ်လို့ M Rescue လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
ဓါတ်ပုံ- M-Rescue
စာတည်း-စိုးဦး