⁩ ⁨PDF ရဲမေအပေါ် လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့သူ ၂ နှစ်ကျော်ကြာတဲ့အထိ အရေးမယူသေး

0 1
0 1

◾️ ကျူးလွန်ခံရသူသာ လုံခြုံရေးအရ မကြာခဏ နေရာပြောင်းရွေ့နေရ

တောင်သာ၊ နိုဝင်ဘာ ၁၈၊ ၂၀၂၆။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အခြေစိုက် မြင်းခြံခရိုင်တပ်ရင်း ၃ တပ်ခွဲ ၂ (TTA ပြောက်ကျားတပ်ဖွဲ့)က PDF ရဲမေအပေါ် လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့သူ ၂ နှစ်ကျော်ကြာတဲ့အထိ အရေးယူမခံရသေးသလို ကျူးလွန်သူနဲ့ ပတ်သက်သူတွေက စိတ်အနှောက်ယှက်ပေးနေလို့ မကြာခဏ နေရာပြောင်းရွေ့နေရတယ်လို့ ကျူးလွန်ခံရသူ ရဲမေဆီက သိရပါတယ်။

အမှုနဲ့ပတ်သက်ပြီး NUG အပါအဝင် မြို့နယ်အဆင့်၊ ခရိုင်အဆင့် တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေထံ တိုင်ကြားထားပေမယ့် ပြစ်မှုကျူးလွန်သူကို ယနေ့အထိ အရေးယူထားတာမျိုးမရှိသလို လွတ်လပ်စွာသွားလာလှုပ်ရှားနေပြီး ကျူးလွန်ခံရသူ ရဲမေကသာ တရွာပြီးတရွာ ပြောင်းရွေ့ပုန်းရှောင် နေထိုင်နေရတယ်လို့ ဆိုပါတယ်။

“ညီမကျန်းမာရေးအခြေနေကြောင့် ရှေ့မဆက်နိုင်တဲ့အခြေနေမှာ သူတို့က အခွင့်အရေးယူပြီး ပိတ်ထားသလိုဖြစ်နေတာ။ ပအဖ၊ ပလဖ ၊ ပကဖကောက အမှုကို ပိတ်ထားသလိုဖြစ်နေတာ။ ရှေ့ဆက်ဘာမှ မလုပ်ပေးဘူး။ နစ်နာသူဘက်ကိုသာ အပြစ်တခုလို ပြောဆို လုပ်ထားခဲ့ကြတာ။ ဘယ်ကိုမှ အားကိုးလို့မရတော့ ကူရာ၊ ကယ်ရာမဲ့ ဖြစ်နေတာ”လို့ မဇာဇာက ပြောပါတယ်။

ပြစ်မှုကျူးလွန်သူက အရေးယူမခံရတဲ့အပြင် ကျူးလွန်ခံရသူက ဖြစ်စဥ်ဖြစ်ပွားခဲ့တဲ့ ရွာနဲ့ အဝေးရွာတွေမှာ နေထိုင်နေတာကိုပင် ပြစ်မှုကျူးလွန်သူရဲ့ ဇနီးဖြစ်သူနဲ့ ပတ်သက်သူတွေက ဖုန်းနဲ့စာပို့ခြိမ်းခြောက်တာ၊ မကောင်းသတင်းတွေ လုပ်ကြံလွှင့်နေတာကြောင့် စိတ်ဒဏ်ရာ ခံစားနေရတဲ့အပြင် လူမှုပတ်ဝန်းကျင်မှာပင် နေထိုင်ရ အဆင်မပြေတဲ့ အခြေနေထိ ဖြစ်လာနေတယ်လို့ သူမကဆက်ပြောပါတယ်။

“သူ(ကိုသံလွင်)က တိုက်ရိုက် ခြိမ်းခြောက်တာမရှိပေမယ့် သူနဲ့ဆိုင်ရာဆိုင်ရာတွေ သူအမျိုးသမီးကပဲဖြစ်ဖြစ် လာပြောတာတွေ ရှိနေတယ်။ ဖုန်းနဲ့ပြောတာတွေ ကြုံရတယ်။ ဖြစ်ပြီး တလ၊ နှစ်လအတွင်းမှာတော့ အသက်အန္တရာယ်အထိ ခြိမ်းခြောက်တာရှိတယ်။ ညီမလည်း ရှောင်ပြီးနေလိုက်တော့ နောက်ပိုင်း ဖုန်းနဲ့ဆက်သွယ်လာပြီး ပြောတာရှိတယ်။ စိတ်အနှောက်ယှက်ပေးနေတာ”လို့ သူမက ဆက်ပြောပါတယ်။

ဖြစ်စဉ်မှာ ၂၀၂၄ စက်တင်ဘာလ ၁၂ ရက်နေ့ည ၁၀ နာရီခန့်မှာ မဇာဇာဟာ တောင်သာမြို့နယ်ပကဖ ဒုတာဝန်ခံ ကိုသံလွင်ရဲ့ ဇနီးဖြစ်သူတို့ရဲ့ နေအိမ်မှာ စစ်ရှောင်အမျိုးသမီး အချို့နဲ့ နေထိုင်နေစဥ် တိုက်ပွဲမှာ ကျဆုံးသွားတဲ့ မဇာဇာရဲ့ ဦးလေးဖြစ်သူကိစ္စ ပြောစရာရှိလို့ဆိုပြီး ကိုသံလွင်က ခေါ်ခဲ့ပါတယ်။

၁၀ ပေခန့်သာခြားတဲ့ ကိုသံလွင်တဦးတည်းရှိနေတဲ့ နေအိမ်ပေါ်ကိုသွားရောက်ခဲ့ပြီး ဦးလေးကိစ္စစကားပြောဆိုနေစဥ်မှာ သံလွင်က မဇာဇာရဲ့ ပါးစပ်ကိုပိတ်ပြီး အလိုမတူပဲ သားမယားအဖြစ် ပြုကျင့်ခဲ့တာဖြစ်ပြီး သူမရဲ့အသက်ဟာ ၁၈ နှစ်သာ ရှိသေးတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပြီးနောက်နေ့ စက်တင်ဘာ ၁၃ ရက်မှာ TTA ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ ၂ မှ မိမိအစီအစဉ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး မြင်းခြံပကဖလက်အောက်မှာ ယာယီခိုလှုံခဲ့ကာ အလိုမတူဘဲ အဓမ္မပြုကျင့်ခံရမှုအပေါ် ယင်းနေ့မှာပဲ တောင်သာမြို့နယ်ပကဖနဲ့ ပလဖအဖွဲ့နဲ့ အဲ့ဒီလထဲမှာပဲ နောက်ထပ် မန္တလေးတိုင်းပကဖ၊ NUG လူ့အခွင့်အရေးဝန်ကြီးဌာန၊ အမျိုးသမီးနဲ့ကလေးသူငယ်ဝန်ကြီးဌာနတွေကို ရှေ့ဆင့်နောက်ဆင့် စာပေးပို့ တိုင်ကြားခဲ့ပေမယ့် ယနေ့အထိ အရေးယူမခံရသေးဘူးလို့ ဆိုပါတယ်။

အဆိုပါ အလိုမတူပဲ သားမယားအဖြစ် ပြုကျင့်ခံရပြီးနောက် မြင်းခြံခရိုင်ပကဖ ဆေးတပ်ဖွဲ့မှာ ပြောင်းရွေ့တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၂၅ ဇန်နဝါရီလမှ မလှိုင်ပကဖထံ တာဝန်ထမ်းဆောင်ပြီးနောက် ဇူလိုင်လမှာ တော်လှန်ရေးလုပ်ငန်းကနေ နုတ်ထွက်ကာ နေထိုင်နေတယ်လို့ သိရပါတယ်။

အဆင့်ဆင့် တိုင်းကြားမှုတွေကို ကျူးလွန်ခံရတဲ့နေ့ကနေစပြီး တရားဝင်တိုင်းကြားခဲ့ပေမယ့် ၂ နှစ်ကျော်ကြာသည်အထိ တစုံတရာအရေးယူမှုမရှိတဲ့အပြင် ကျူးလွန်ခံရသူရဲမေကသာ လုံခြုံရေးအရ တရွာပြီး တရွာရွှေ့ပြောင်း နေထိုင်ရတယ့်အတွက် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေပါ ထပ်တိုးခံစားလာရကြောင်း သူမကပြောပါတယ်။

https://myaelattathan.com/category/article/news-article



Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။