မြင်းမူ၊ စက်တင်ဘာ ၂၉၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာအနီး မုံရွာ-မန္တလေးလမ်းပိုင်းမှာ ခရီးသည်တင်ယာဥ်မိုင်းထိလို့ (၁) ဦးသေ (၃) ဦးဒဏ်ရာရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
စက်တင်ဘာလ (၂၈) ရက်နေ့ နေ့လည် (၁၂) နာရီခန့်မှာ မန္တလေးဘက်ကနေ မုံရွာဘက်ကို မောင်းလာတဲ့ AD Van အမျိုးအစား ယာဥ်ဟာ ထီးဆောင်းကျေးရွာအနီး အရောက်မှာ မိုင်းထိခဲ့တာလို့ ဆိုပါတယ်။
“ထီးဆောင်းမှာက စကစ တပ်စွဲထားတာရှိတယ်။ တပ်မ ၃၃ က ထွက်လာတဲ့ ယာဥ်တန်း နမခကို သွားမယ့်အချိန် မိုင်းဆွဲခံရတာ။ ခရီးသည်တင်ယာဥ်က ကပ်ပါလာလို့ ထိတာနေမှာ။ ကျနော်တို့အဖွဲ့တော့မဟုတ်ဘူး” လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
မိုင်းထိမှန်တာကြောင့် ယာဥ်ပေါ်ပါ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး (၁) ဦးမှာသေဆုံးသွားခဲ့ပြီး သက်တော် (၅၀) ဝန်းကျင်အရွယ် သံဃာတပါး၊ အသက် ၃၀ ကျော်အရွယ် အမျိုးသားနဲ့ အမျိုးသမီးတို့ ဒဏ်ရာရခဲ့ပြီး ကားမှာလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
မိုင်းထိလို့ ထိခိုက်သေဆုံးသွားသူတွေကိုတော့ ဒေသခံနဲ့ခရီးသွားကားတွေက မြင်းမူမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့တွေဘက်က လုပ်ဆောင်ခဲ့တယ်ဆိုတာမသိရသေးဘဲ စက်တင်ဘာလ (၂၉) ရက်နေ့မနက်ပိုင်းအထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စက်တင်ဘာလ (၁၉) ရက်နေ့ကလည်း မုံရွာမြို့နယ်မှာ PDF တွေဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ထနောင်းဝင်း- ကျောက္ကာ-ရေနံကုန်းလမ်းပိုင်းပေါ်က ထနောင်းဝင်းကျေးရွာအကျော်နားမှာ ဆိုင်ကယ်နဲ့သွားလာတဲ့ အမျိုးသမီး (၃) ဦး မိုင်းထိပြီး (၁) ဦးသေဆုံးကာ (၂) ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စာတည်း-စိုးဦး