ဆင်ပေါင်ဝဲ၊ နိုဝင်ဘာ ၂၈၊ ၂၀၂၆။
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်းရုံကျေးရွာကို လေကြောင်းတိုက်ခိုက်ခံရလို့ PDF ရဲဘော်တွေနဲ့ ပြည်သူတွေပါ ၅၀ ခန့်သေဆုံးတယ်လို့ ဒေသစစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
နိုဝင်ဘာလ ၂၆ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်က ကျေးရွာစာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းကြားမှာ ချောတိုင်တက်ပွဲပြုလုပ်နေချိန်မှာ အသေခံဒရုန်း ၄ စီး၊ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ရဲဘော်ကျတာ ၁၀ ယောက်ကျသွားပြီး ရင်း ၅ (သရက်ခရိုင် တပ်ရင်း ၅) ကပါ။ ပြည်သူက ၄၀ ကျော်သွားပြီ။ ဆေးဝါးကုသမှုတွေလည်း မလုပ်နိုင်သေးဘူး။ * တွေက ဆေးရုံတွေမှာကို စောင့်နေတာလို့ ပြောတယ်။ ထိခိုက်သေဆုံး တော်တော်များတယ်။ ကျောင်းကပွဲမဟုတ်ဘူး။ ချောတိုင်တက်ပွဲမှာဖြစ်တာ”လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တဦးက ပြောပါတယ်။
NUG အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ရဲ့ ဆိုရှယ်မီဒီယာမှာတော့ အခုလို ရေးသားထားပါတယ်။
“၂၀၂၆ခုနှစ်၊ နိုဝင်ဘာလ ၂၆ရက် ညနေပိုင်း မကွေးဖက်ဒရယ်ယူနစ်၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံရွာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ ရွာသူရွာသားတွေ ကထိန်ပွဲ ပြုလုပ်နေချိန်မှာ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းက ဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ်၊ အသေခံဒရုန်းနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ကလေးတွေ၊ အမျိုးသမီးတွေ၊ ကိုရင်တွေ အပါအဝင် ပြည်သူ ၂၀ ဦးခန့်ကျဆုံးခဲ့ပြီး အသက် ၁၈နှစ်အောက် ကလေးငယ် ၁၄ ဦး၊ အမျိုးသမီး ၆ ဦး၊ အမျိုးသား ၁ဦး စုစုပေါင်း ပြည်သူ ၂၁ ဦး ဒဏ်ရာ ရရှိကာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ကား၊ ဆိုင်ကယ်များ ထိခိုက်ပျက်စီးခဲ့တယ်” လို့ ရေးသားထားပါတယ်။
ကနဦး ဖြစ်ဖြစ်ချင်းမှာတော့ သရက်ခရိုင်တပ်ရင်း ၅ ရဲဘော် ၇ ဦးနဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၃၀ ခန့်သေဆုံးထားပြီး ဒဏ်ရာရသူတွေကို ဆေးကုသမှုလုပ်နေချိန်မှာ ထပ်မံသေဆုံးတာတွေ ရှိတယ်လို့ ဆိုပါတယ်။
ထိခိုက်သေဆုံးမှုအခြေနေနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ သရက်ခရိုင်တပ်ရင်း ၅ တာဝန်ရှိသူတွေနဲ့ ကျေးရွာခံတွေအထိ အောင်မြေလတ်အသံက ချိတ်ဆက် ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။